ဥရုချောင်းက ရေကျော်တံတားတွေ ရှင်းဖို့ ညွှန်ကြား
2017.05.13
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းကို ဆည်ဖို့ပြီး တည်ဆောက်ထားတဲ့ ရေကျော်တံတားတွေကို လာမယ့် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားရှင်းလင်းဖို့ ဖားကန့်ဒေသ အာဏာပိုင်တွေက ကျောက်စိမ်း တူးဖော်ရေးလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။
လက်ရှိအချိန်မှာ ရေကျော်တံတားတွေကို ကုမ္ပဏီတွေဘက်က စတင်ရှင်းလင်းနေပြီဖြစ်ပြီး သတ်မှတ်ရက်ရောက်ရှိ ချိန်မှာ ပြီးစီးမှု ရှိ မရှိ လိုက်လံစစ်ဆေးမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။
"အဲဒါတွေရော၊ ဖားကန့် အောက်ဘက်ကဟာတွေရော အကုန်လုံး ဒါတွေကိုရှင်းဖို့ သူတို့ အစည်းအဝေး လည်းလုပ်ပြီးတော့ သူတို့ ရှင်းနေကြပြီ။ နောက် ၁၅ ရက်နေ့ကျမှ သူတို့အားလုံး ပြီးတဲ့အခါကျမှ ကျနော် တို့ လိုက်စစ်မလို့လေ။"
ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေအနေနဲ့ အရင်က ဥရုချောင်းကို ဖြတ်တဲ့ ရေကျော်တွေကို အခိုင်အမာ မဆောက် \ခဲ့ပေမယ့် ဒီနှစ် ကျောက်တူးဖော်ရေး ရာသီမှာတော့ တန်နဲ့ချီလေးတဲ့ ကျောက်တုံးတွေကိုပါ အသုံးပြုပြီး ဆောက်လုပ်ခဲ့တယ်လို့ ဦးတင့်စိုး က ပြောပါတယ်။
ဖားကန့်ဒေသမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ သူတို့လုပ်ငန်းခွင်ကနေ မလိုတော့တဲ့ မြေစာတွေကို မြေစာ ပုံတွေရှိရာဘက်ကို သယ်ယူစွန့်ပစ်နိုင်ဖို့အတွက် ဥရုချောင်းကိုပိတ်ပြီး မော်တော်ယာဉ်စက်ယန္တရားတွေ ဖြတ်သ န်းနိုင်မယ့် ရေကျော်တံတားတွေကို တည်ဆောက်ကြတာဖြစ်ပါတယ်။
အဲဒီလို ရေကျော်တံတားတွေ တည်ဆောက်ပြီး စနစ်တကျရှင်းလင်းမှုတွေ မလုပ်တာကြောင့် ဖားကန့်မြို့နယ်မှာ မိုးရာသီရောက်တိုင်း မကြာခဏ ရေကြီးရေလျှံမှုတွေဖြစ်နေသလို ရေကျော်တံတားတွေရဲ့အနီးဝန်းကျင် ဥရုချောင်းထဲမှာ နုန်းအနည်အနှစ်တွေနဲ့ ချောင်းရေဟာ ညစ်ညမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီကြီးတွေဟာ အောက်တိုဘာလကနေ မေလ အထိ လုပ်ငန်းလည်ပတ်တဲ့ ပွင့်လင်းရာသီချိန်လို့ သတ်မှတ်ပြီး အင်အားကြီးစက်ယန္တရားတွေနဲ့ ကျောက်စိမ်း တူးဖော်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။