မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုချင်း အလိုက် အမေရိကန် တုံ့ပြန်မည်

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီး ပြောကြားလိုက်ပါတယ်။

2011.11.08
us-states-separtment-nuland-305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
US Department of State

အမေရိကန် အထူးကိုယ်စားလှယ်နဲ့ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ထပ်ပြီး လုပ်ဆောင်လာအောင် အမေရိကန် အစိုးရဘက်က ပြင်ဆင်ထားမှု ရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။

အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် စိစစ် သုံးသပ်နေကြောင်း၊ ဌာနတွင်း ဆွေးနွေးတာတွေလည်း ရှိနေကြောင်း၊ ဘာလီကျွန်းမှာ မြန်မာကိစ္စ ပေါ်လာစရာရှိပြီး ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ပြီး စိစစ် အကဲဖြတ်သွားမှာ ဖြစ်သလို ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေကိုလည်း အမေရိကန် အစိုးရအနေနဲ့ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်ကြောင်း Ms. Nuland က ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner တို့ရဲ့ မြန်မာ ခရီးစဉ်အဆုံး မြန်မာနိုင်ငံမှာ အသေးစား ချေးငွေ ကူညီမဲ့အကြောင်းနဲ့ ခရီးသွားလာရေး ကန့်သတ်ချက် တချို့ လျှော့ပေါ့မဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပြီး ညီလာခံကာလ အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမဲ့ အလားအလာ ရှိကြောင်း သတင်းမီဒီယာတွေက ရေးသား ပြောဆိုနေကြပါတယ်။

ဘာလီညီလာခံ ကာလအတွင်း အမေရိကန်ဘက်က မူဝါဒနဲ့ အညီ နောက်ထပ် တုံ့ပြန် ဆောင်ရွက်ဖို့ ရှိမရှိ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Ms. Nuland က လောလောဆယ် ကြေညာဖို့ရာ မရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-08 22:09

America is a Superpower, but always being cheated/twisted by Dictators, from N Korea, Myanmar China Middle East and even somr perceived Friendly Countries.