မြန်မာပြည်သူတွေရဲ့ သူရသတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေးစားကြောင်း ကန်သံအမတ်ကြီးပြော

RFA Burmese
2022.12.17
မြန်မာပြည်သူတွေရဲ့ သူရသတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေးစားကြောင်း ကန်သံအမတ်ကြီးပြော အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ။
AFP

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို လေးစားကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်နှစ်တာဝန်ထမ်းဆောင် ပြီးဆုံးသွားပြီဖြစ်တဲ့ သံအမတ်ကြီးက ဒီဇင်ဘာ ၁၇ ရက် မနေ့က သံရုံးစာမျက်နှာကနေ မြန်မာပြည်သူတွေကို သတင်းစကားထုတ်ပြန်ရာမှာ ပြောကြားခဲ့တာပါ။

သူ့အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ သံအမတ်ခန့်အပ်လွှာ ပေးအပ်နိုင်ခဲ့တာ ဆုလာဘ်ကြီး တစ်ခုပါပဲလို့လည်း သံအမတ်ကြီးက ပြောပါတယ်။

US.jpg
၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၉ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်ထံ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ သံအမတ်ခန့်အပ်လွှာ ပေးအပ်စဉ်။ (Photo: U.S. Embassy Rangoon)

အဲဒီခန့်အပ်လွှာပေးအပ်ပြီး သိပ်မကြာခင် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုလမ်းစဉ်ကို စတင်ခဲ့တာ ဒီနေ့အထိဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်း မြန်မာနိုင်ငံရဲ့ ထူးခြားအောင်မြင်မှုတွေလည်း ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစားရေးတွေအတွက် သူတို့ရဲ့အသက်တွေကိုတောင် စတေးကြရတာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရကြောင်းနဲ့ ဒီကြိုးပမ်းအားထုတ်မှုတွေဟာ နောက်ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့် လိုလားချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံဖို့ သန္နိဌာန်ချထားဆဲဖြစ်ကြောင်း ၊ ပြည်သူတွေကို အကြမ်းဖက်မှုကျူးလွန်နေတဲ့ အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာထံကို အကူအညီတွေ ပေးအပ်နိုင်ဖို့တွေကို နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။