အမေရိကန် သံရုံးအရာရှိများ ရခိုင်ခေါင်းဆောင်များနဲ့ ဆွေးနွေး
2013.08.06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်ရင်ကြားစေ့နိုင် ဖို့ ရေတိုရေရှည် လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Cecily Brewer နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရာရှိ Shayma Jannat တို့ဟာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ မနေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်အခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုဇော်ထွန်းက RFA ကို အခုလိုပြောပြပါတယ်။
"သူတိ့ုက ပဋိပက္ခအလွန် ဒီလူမှုအသိုင်းအဝိုင်းနှစ်ခုအကြားမှာ ဘယ်လိုအခြေအနေများရှိတယ်ပေါ့လေ၊ သူတို့က လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေကနေ သတင်းအချက်အလက်ယူတဲ့ သဘောပါပဲ၊ ကျနော်တို့ကတော့ နိုင်ငံသားဖြစ်ချင်တဲ့လူတွေ၊ ဖြစ်ခဲ့ဖူးတဲ့လူတွေကနေပြီးတော့ ဒီနိုင်ငံမှာရှိနေတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ အသားကျပြီးတော့ အဆင်ပြေပြေနေဖို့၊ ဒေသနဲ့ကိုက်ညီအောင် အမူအကျင့်တွေဖြစ်လာဖို့အတွက် လိုအပ်တယ်ဆိုတဲ့အကြောင်းတွေ ပြောပြပါတယ်"
ဒါ့အပြင် မကြာသေးခင်ကာလက နယ်စပ်ဒေသ တိုင်းရင်းသားလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ်(နစက)ကို ဖျက်သိမ်းလိုက်တဲ့အပေါ် ရခိုင်လူထုရဲ့ အမြင်တွေကိုလည်း အမေရိကန်သံရုံးအရာရှိတွေက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
မနေ့က တွေ့ဆုံဆွေးနွေးရာမှာ စစ်တွေမြို့မိမြို့ဖတွေအပါအဝင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရခိုင်လူမှုကွန်ယက်၊ အေဘီစီဒီစတဲ့ လူမှုကူညီရေးအဖွဲ့တွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိတွေဟာ မနက်ဖြန် သြဂုတ်လ ၇ ရက်နေ့မှာလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က တာဝန်ရှိသူတွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်း သိရပါတယ်။