အင်တာနက်လှုံဆော်သူတွေကို အရေးယူဖို့ အမေရိကန် သံအမတ်ကြီး တိုက်တွန်း
2013.05.09
အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ အခြေအနေတွေမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အစိုးရကို တိုက်တွန်းခဲ့ ပါတယ်။
ရန်ကုန်မြို့ American Center မှာ မေလ (၈)ရက်နေ့က ကျင်းပခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
အင်တာနက်လူမှုကွန်ရက်မှာ တချို့သူတွေက နာမည်အတု၊ အကောင့်အတုတွေနဲ့ ပြဿနာတွေ ပိုမို ကြီးထွားအောင် တာဝန်မဲ့ ပြောဆိုရေးသားနေကြတယ်လို့ ဆိုပါတယ်။
ကိုယ့်အမြင်ကိုယ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ရလာတဲ့ ဒီကနေ့အခြေအနေမှာ တာဝန်ယူတဲ့ သတင်းမီဒီယာတွေကို လွတ်လွတ် လပ်လပ်ဆောင်ရွက်ဖို့လိုပြီလို့လည်းပြောကြားခဲ့ပါတယ်။
အမေရိကန်သံရုံး လူထုဆက်သွယ်ရး လက်ထောက်အရာရှိ Michael Quinlan ကလည်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေနဲ့ သတ်မှတ်ဖို့လိုအပ်ပြီး၊ တရားရေးစနစ်ကလည်း စောင့်ကြည့်နေရမှာဖြစ်ကြောင်း၊ လူမှုရေး ဘာသာရေး သွေးထိုးလှုံ့ဆော်တာ၊ အသရေပျက်အောင် စော်ကားရေးသားတွေဟာ လက်ခံနိုင် စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ရဲ့ အနက်အဓိပ္ပါယ်နဲ့ သဘောသဘာဝ၊ မီဒီယာလွတ်လပ်မှု နဲ့ မြန်မာနိုင်ငံအခြေအနေ၊ ဆင်ဆာပြဿနာ စတာတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။
ဒီပွဲကို ကျောင်းသူကျောင်းသားတွေ၊ စာရေးဆရာ အယ်ဒီတာတွေ နဲ့ ဘလော့ဂါတွေ စုစုပေါင်း လူ ၃၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြပါတယ်။