တရုတ်နဲ့ ဆက်ဆံရေး မထိခိုက်


2016.01.18
antony-blinken-620.jpg ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ Kempinski (ကန်ပင်စကီ ဟိုတယ်) မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ကိုတွေ့ရစဉ်
Photo:Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲသွား တာကြောင့် မြန်မာရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးမှာ အဖုအထစ်ရှိမှာ မဟုတ်ဘဲ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒဟာ မြန်မာနိုင်ငံအတွက်သာဖြစ်ပြီး တရုတ်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့  အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက် ပါတယ်။

နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံအပြီး Kempinski (ကန်ပင်စကီ ဟိုတယ်) မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦး မေးမြန်းတာကို Mr. Blinken က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးဟာ  မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်ပါတယ်၊ တရုတ်နိုင်ငံ နဲ့ ဆက်စပ်မှု  မရှိပါဘူး၊ မိမိတို့သဘောထားက မြန်မာနိုင်ငံအနေနဲ့ တရုတ်အပါအဝင်  အိမ်နီးခြင်းနိုင်ငံ အားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့  လိုလားတာဖြစ်ပါတယ်၊ ဆက်ဆံရေး ကောင်းမွန်တဲ့ မြန်မာနဲ့  တရုတ်နှစ်နိုင်ငံ ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာဝပြောရေးကို  ဖန်တီးနိုင်မယ်လို့ ယုံကြည် တာဖြစ်ပါတယ်” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အောင်မြင်စွာကျင်းပပြီးစီးသွားတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံသားတွေကို ချီးကျူးဂုဏ်ပြုကြောင်းနဲ့ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဂုဏ်ပြုကြောင်းလည်း ပြောပါတယ်။

အမျိုးသားပညာရေးကို သပိတ်မှောက်ခဲ့တဲ့အတွက် အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရ ဆဲ ကျောင်းသူ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အစိုးရသစ် တာဝန်မယူခင်မှာ အားလုံး လွတ်မြောက်ရေးအတွက်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေဟာ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အစိုးရသစ်ကို အောင်မြင်စွာ ဖွဲ့စည်းသွားနိုင် ဖို့အတွက် အချိန်ကာလဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပြီး လက်ရှိနိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဆီသွားနိုင်ဖို့ အဆင့်တစ်ခုကို ကျော်ဖြတ်ပြီးတာသာဖြစ်ကြောင်းနဲ့ အနာဂတ်မှာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ အများအပြားကို ကျော်ဖြတ်ရဦးမှာဖြစ်ကြောင်းလည်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။