အမေရိကန် အဆင့်မြင့် အရာရှိကြီး ၂ ဦး မြန်မာနိုင်ငံ လာမည်
2011.10.28
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner နဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell တို့ဟာ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ကြောင်း ဝါရှင်တန်ကလာတဲ့ AP သတင်းက ရေးပါတယ်။
ဒီခရီးစဉ်ဟာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Posner အတွက် ပထမဆုံး ခရီးစဉ် ဖြစ်ပြီး အထူး ကိုယ်စားလှယ် Mr. Mitchell အတွက် ၂ လ အတွင်း တတိယခရီးစဉ် ဖြစ်ပါတယ်။
အမေရိကန် အရာရှိကြီး ၂ ဦးရဲ့ မြန်မာနိုင်ငံ ခရီးဟာ ၄ ရက် ကြာမှာ ဖြစ်ပြီး မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေ၊ နိုင်ငံရေး လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ် မေးမြန်းရာမှာ အတည်ပြုချက် မပေးသလို ငြင်းဆိုတာလည်း မရှိပါဘူး။