ဝါရှင်တန်ဒီစီက မြန်မာ့အရေးဆွေးနွေးပွဲ

USCB အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲကို ဝါရှင်တန် ဒီစီမြို့တော် George Washington တက္ကသိုလ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

2011.04.03

အဲဒီ ဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာနိုင်ငံရေး ပြောင်းလဲမှုဟာ ပြည်သူလူထု လိုလားတဲ့ အပြောင်းအလဲ မဟုတ်ဘူးဆိုတာကို နိုင်ငံတကာက သိအောင် ဆောင်ရွက်ကြဖို့ ပြောကြားထားတဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းပြောဆိုချက်ကို အခြေခံပြီး ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာကို အမေရိကန် အစိုးရအဖွဲ့အတွင်းမှာ ဆွေးနွေးနေကြတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB အဖွဲ့ရဲ့ မူဝါဒရေးရာ ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ မနှစ်က မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ စစ်အစိုးရပိုင်းကို တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun တက်ရောက်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ရှင်းပြခဲ့ပါတယ်။

သမ္မတဟောင်း ဂျော့ချ်ဘုရှ် အစိုးရရဲ့ အမျိုးသား လုံခြုံရေးကောင်စီမှာ အာရှတိုက်ဆိုင်ရာ ကျွမ်းကျင်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Dr.Mike Green လည်း ဆွေးနွေးပွဲ တက်ရောက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချမှတ်ခဲ့တဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေနဲ့ လက်ရှိသမ္မတ အိုဘားမားအစိုးရ လုပ်ဆောင်သင့်တာတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ စစ်မှုထမ်းဟောင်း တဦးလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ဦးမျိုးမြင့် က မြန်မာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ တပ်မတော်အကြောင်းကို ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို မြန်မာ့အရေး စိတ်ဝင်စားသူ အမေရိကန် နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂ဝ နီးပါး တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒီ အတောအတွင်း ဝါရှင်တန်ဒီစီမြို့ မြန်မာအစိုးရ သံရုံးရှေ့မှာ မနေ့က မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မကြာခင်က ဖွဲ့စည်းခဲ့တဲ့ ဦးသိန်းစိန် အစိုးရကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုကျော်မြထူးက RFA ကို ပြောပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာ့အရေး လှုပ်ရှားသူ ၁၃ ဦး ပါဝင်ပြီး “လွှတ်တော်အသစ် အလိုမရှိ”၊ “နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်” စသဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။