ကုလအထွေထွေညီလာခံကို စစ်ကောင်စီ တက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့တရုတ် သဘောတူ‌

2021.09.13
ကုလအထွေထွေညီလာခံကို စစ်ကောင်စီ တက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့တရုတ် သဘောတူ‌ ၂၀၂၁ စက်တင်ဘာလ ၁၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထောက်ခံဆန္ဒပြပွဲ ပြုလုပ်စဉ်။
Photo: RFA

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရအောင် တားဆီးထားဖို့ အမေရိကန်နဲ့ တရုတ်အကြား ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ အမေရိကန်အခြေစိုက် Foreign Policy နိုင်ငံခြားရေးမူဝါဒ မဂ္ဂဇင်းက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် ဦးဆောင်ပြီး ညှိနှိုင်းခဲ့တဲ့ ဒီအစီအစဉ်ကို ဥရောပသမဂ္ဂ (EU)၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းနဲ့ ရုရှားနိုင်ငံတို့ကလည်း အလွတ်သဘော ထောက်ခံအတည်ပြု ခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုချက်ရဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံရုံးကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်အရ… ကုလသမဂ္ဂမှာ စစ်ကောင်စီက တရားဝင်အစိုးရကိုယ်စားလှယ် နေရာ ရရှိဖို့ ကြိုးပမ်းချက်မှန်သမျှကို ဆိုင်းငံ့ထားမှာဖြစ်ပြီး၊ လက်ရှိ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေညီလာခံမှာ စကားမပြောဖို့ ပါဝင်တယ်လို့ သိရပါတယ်။

ဦးကျော်မိုးထွန်းကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အထွေထွေညီလာခံမှာ မိန့်ခွန်း မပြောဖြစ်ဖို့ များကြောင်း၊ ကိုယ်စားလှယ် စိစစ်ရေးကော်မတီဝင်တွေအကြား ဆွေးနွေးမှုတွေကနေ ဘာတွေ အဖြေ ထပ်ထွက်လာမလဲ ဆိုတာကို စောင့်ဆိုင်းနေ‌ကြောင်း ဖြေဆိုခဲ့တယ်လို့ Foreign Policy မဂ္ဂဇင်းက ရေးပါတယ်။

နှစ်စဉ် အသစ်ဖွဲ့စည်းတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် စိစစ်ရေးကော်မတီ ပထမဆုံးအစည်းအဝေးကို နိုဝင်ဘာလမှာ ကျင်းပမှာပါ။ အဲဒီအစည်းအဝေး မတိုင်ခင်မှာ စစ်ကောင်စီကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ ကော်မတီကို စစ်ကောင်စီလိုလားတဲ့ နိုင်ငံတစ်ခုက စည်းရုံးဆွဲဆောင်မှာကို အမေရိကန်နဲ့ ဥရောပမဟာမိတ် တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှု ကိစ္စကို တတ်နိုင်သလောက် ဆိုင်းငံ့ထားပြီး လက်ရှိအခြေအနေအတိုင်း ထားဖို့ လိုလားကြတယ်လို့ ဒီ အလွတ်သဘော ဆွေးနွေးပွဲမှာ ပါဝင်တဲ့ သံတမန်တစ်ဦးကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။

အထွေထွေညီလာခံ စည်းမျဉ်းတွေအရ ကိုယ်စားလှယ်ဖြစ်ခွင့် အငြင်းပွားမှုတွေ ရှိလာရင် စိစစ်ရေးကော်မတီ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက အတည်ပြုတဲ့အချိန် မတိုင်ခင်အထိ လက်ရှိကိုယ်စားလှယ်ကို ဆက်လက်အသိအမှတ်ပြုထားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက် ဒီနေ့ စတင်ကျင်းပမယ့် အထွေထွေညီလာခံမှာ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ အဖွဲ့ဝင်စာရင်းကို တရားဝင် အတည်ပြု ကြေညာမှာပါ။ အဖွဲ့ဝင်ကိုးဦးပါဝင်တဲ့ ဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဆွီဒင်နိုင်ငံက ဆောင်ရွက်မှာဖြစ်ပြီး ကော်မတီအဖွဲ့ဝင်တွေအဖြစ် ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာလီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်မယ်လို့ Foreign Policy မဂ္ဂဇင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-14 01:17

We must win
Let's Reject Military coup.

Dr. san Dar Myaing
2021-09-14 05:08

UN should allow U Kyaw Moe Tun to speech for hearing voice of our people of Myanmar.