ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ အမေရိကန်တိုက်တွန်း

2022.10.21
ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ အမေရိကန်တိုက်တွန်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price။
Photo : Reuters
မကွေးတိုင်းထဲက ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးပြီး လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်က ပြောဆိုလိုက်ပါတယ်။

ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာက မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သူ့ရဲ့တွိတာ စာမျက်နှာကနေတစ်ဆင့် မနေ့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ညီနောင်ရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးစောထွန်းမိုးဟာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီးနောက် ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်းဖြတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စာသင်ကျောင်းတံခါးမှာ ခေါင်းကို ချိတ်ပစ်ခဲ့ပြီး လက်တွေဖြတ်ပြီးမှ အလောင်းကို ချထားခဲ့တာ” လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ကျောင်းဆရာ ဦးစောထွန်းမိုးဟာ အာဏာမသိမ်းခင်က ပုဂ္ဂလိကကျောင်းတွေမှာ စာသင်နေသူဖြစ်ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အဲဒီဒေသတွင်း ဖွင့်ထားတဲ့ကျောင်းမှာ အထက်တန်းပြ ဆရာလုပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က ... မြန်မာစစ်တပ်ဟာ ပညာတတ်တွေ အပါအဝင် ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။  

ဒီကျောင်းဆရာ ခေါင်းဖြတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဘာမှထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။