မြန်မာစစ်တပ်ထိပ်သီးခေါင်းဆောင်လေးဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့


2019.07.16
min-aung-hlaing-1000 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
AFP

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ထိပ်သီးခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးရှင်းလင်းမှုအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပါအဝင် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအဖြစ် အရေးယူလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနက ချမှတ်ထားတဲ့ ဥပဒေအရ  အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေက အစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန်ကို လာရောက်ခွင့် ပိတ်ပင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီဥပဒေအရ အခုလို အရေးယူတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လူသိရှင်ကြား ဒါမှမဟုတ် သီးခြား ထုတ်ပြန်ပေးရမယ်လို့လည်း ပြဌာန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်တပ် ထိပ်ဆုံးခေါင်းဆောင်တွေအပေါ် လူသိရှင်ကြား အရေးယူ လိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးမယူသေးတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိသလို၊ မြန်မာစစ်တပ်က နိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

စံတင်လောက်အောင် ဆိုးဝါးတဲ့ ဥပမာတစ်ခုကတော့… အင်းဒင်ရွာလူသတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လပိုင်းလောက်သာ အကျဉ်းချထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ဒီသတ်ဖြတ်မှုအကြောင်း ဖော်ထုတ်ခဲ့တဲ့ သတင်းထောက်တွေကိုတော့ ရက်ပေါင်းငါးရာကျော် အကျဉ်းချခဲ့တာပဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။