တစ်ဒေါ်လာကို ကျပ် ၁၅ဝဝ ကျော်သွားပြီ
2018.08.15
ကမ္ဘာတဝှမ်းမှာ အမေရိကန် ဒေါ်လာဈေးဟာ ၁၃ လအတွင်း အမြင့်ဆုံးကို ဗုဒ္ဓဟူးနေ့ မနေ့က ရောက်ရှိသွားချိန်မှာပဲ မြန်မာငွေလဲနှုန်းကလည်း အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ တစ်ထောင့်ငါးရာ ကျော်ဖြစ်သွားခဲ့ပါတယ်။
ကမ္ဘောဇဘဏ်ရဲ့ မနေ့က ဝယ်ဈေးက တစ်ဒေါ်လာ ၁၅ဝ၈ ကျပ်ဖြစ်ပြီး ရောင်းဈေးက ၁၅၁၅ ကျပ်ဖြစ်ပါတယ်။ တချို့သတင်းတွေမှာတော့ တစ်ထောင့်ငါးရာဆယ့်လေးကျပ် ပေါက်ခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ရည်ညွန်းဈေးကတော့ တစ်ဒေါ်လာကို ၁၄၇၅ ကျပ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကနေ မြန်မာပြည်ကို Western Union ငွေလွှဲလုပ်ငန်းက ပေးပို့သူတွေအတွက် မနေ့က ပေါက်ဈေးကတော့ တစ်ဒေါ်လာကို ၁၄၅၇ ကျပ်ဖြစ်ပါတယ်။
အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေကို တိုးမြှင့်လိုက်ပြီးနောက် ကမ္ဘာတဝန်း ရင်းနှီးမြုပ်နှံသူတွေက တိုးတက်စ နိုင်ငံတွေမှာ သူတို့မြှုပ်နှံထားတဲ့ငွေတွေကို အလုအယက် ထုတ်ယူနေကြတဲ့အတွက် ငွေဈေးကွက်တွေ ပြိုလဲနေ ပါတယ်။ စီးပွားရေးအရ အင်အားနည်းတဲ့နိုင်ငံတွေ အထူးသဖြင့် ပို့ကုန်ထက် သွင်းကုန်များတဲ့ နိုင်ငံတွေအများဆုံး အထိနာနေပြီး အဲဒီ နိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ အကြွေးတွေလည်း ပိုများလာနေတယ်လို့ ဆိုပါတယ်။ ဒေါ်လာငွေချေးပြီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေဟာ ဒေါ်လာ ဈေးတက်မှုကြောင့် သူတို့လက်ဝယ်မှာရှိတဲ့ သက်ဆိုင် ရာနိုင်ငံသုံးငွေကြေးတွေ တန်ဖိုးကျဆင်းပြီး ပြန်ဆပ်ဖို့ အခက်ကြုံနေကြပါတယ်။ ၁၉၉၇-၉၈ ခုနှစ်တဝိုက်က အာရှတိုက်မှာ ငွေကြေးကျပ်တည်းမှု ကပ်ဆိုက်ခဲ့တာဟာ အခုလို အခြေအနေမျိုးက စတင်တာဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှု အခက်ကြုံနေတဲ့ တူရကီနိုင်ငံက သူတို့နိုင်ငံရဲ့ လက်ရှိ ဘဏ္ဍာရေးပြဿနာဟာ အမေရိ ကန်ပြည်ထောင်စုကြောင့်ဖြစ်ရတယ်ဆိုပြီး အမေရိကန်က တင်ပို့တဲ့ ကုန်ပစ္စည်းတချို့ကို အခွန်ငွေတိုးမြှင့်ကြောင်း မနေ့က ကြေညာပါတယ်။ တူရကီရဲ့ လီယာငွေတန်ဖိုးဟာ ဒေါ်လာငွေတန်ဖိုးနဲ့ နှိုင်းစာရင် မတ်လကနေ မနေ့က အထိ ၄၅% ကျဆင်းသွားခဲ့ပြီး လူထုအတွင်း အမေရိကန်ပစ္စည်းတွေ သပိတ်မှောက်ကြဖို့ နှိုးဆော်ချက်တွေ ပေါ်ထွက်နေပါတယ်။