ဒေါ်လာကို ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြု
2023.12.06
အမေရိကန်ဒေါ်လာဈေးနှုန်းကို ရည်ညွှန်းဈေးသတ်မှတ်ပြီး ထိန်းချုပ်ထားရာကနေ ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမတိုင်ခင်ကတော့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က တစ်ဒေါ်လာကို ရည်ညွှန်းဈေး ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြင်ပပေါက်ဈေးက ၃၄၀၀ ကျပ်ဝန်းကျင် ရှိခဲ့တာပါ။
မူဝါဒအပြောင်းအလဲလုပ်ပြီးတဲ့ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၅၅၀ ကျပ်အထိ ၁၅၀ ကျပ် မြင့်တက်လာနေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပို့ကုန်ရငွေ၊ ပြည်ပရောက် အလုပ်သမားတွေရဲ့ အခွန်ငွေနဲ့ တရားမဝင် ငွေလဲလှယ်ရေး ဟွန်ဒီလုပ်ငန်းတွေက ငွေဝင်ရောက်လာပြီး ဈေးကွက်ထိန်းညှိနိုင်တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ဒီအခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ လဲလှယ်ရမယ်လို့ သတ်မှတ်ထားတာကိုလည်း ၃၅ ရာခိုင်နှုန်းအဖြစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်ထားပါတယ်။