အမေရိကန်မှာ နေချင်သူတွေ ကံစမ်းလို့ရပြီ


2016.10.06
dv-form-620.jpg အွန်လိုင်းကနေလျှောက်ရတဲ့ အမေရိကန် DV ကံစမ်းမဲ ပုံစံကို တွေ့ရစဉ်
Photo: www.dvlottery.state.gov

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ဝ၁၈ ခုနှစ်အတွက် Diversity Visa Program (DV-2018) ကို အောက်တိုဘာ ၄ ရက်ကစပြီး လျှောက်ထားနိုင်ပါပြီ။

လျှောက်ထားသူတွေကို ကွန်ပြူတာစနစ်နဲ့ ရွေးချယ်တဲ့ အဲဒီ ကံစမ်းမဲ အစီအစဉ်ကို Green Card ထီလို့လည်း အလွယ်တကူခေါ်ဆိုကြပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အမေရိကန်အစိုးရ အင်တာနက် စာမျက်နှာ တခုဖြစ်တဲ့ dvlottery.state.gov ကိုသွားပြီး နိုဝင်္ဘာ ၇ ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ online ကနေ ပဲ လျှောက်ထားရမှာဖြစ်ပြီး တနှစ်ကို တကြိမ်ထက်ပိုပြီးလျှောက်သူတွေကို လက်ခံမှာမဟုတ်ပါဘူး။

အဲဒီလို လာရောက်နေထိုင်လိုသူတွေဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူဖြစ်ရမယ့်အပြင် အခြေခံပညာ ၁ဝ တန်းအောင်မြင်သူတွေ သို့မဟုတ် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကျွမ်းကျင်မှုပါတဲ့လုပ်ငန်းတခုခုမှာ အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူဖြစ်ဖို့လိုပါတယ်။ အသေးစိပ်ကို ရန်ကုန်မြို့က အမေရိကန်သံရုံးစာမျက်နှာ https://burma.usembassy.gov/diversity-visa.html မှာလည်း ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကမ္ဘာတလွှားက လာရောက်ပြီး ဘဝသစ်ထူထောင်လိုသူတွေ တိုင်းပြည်အလိုက် အချိုးကျကျဖြစ်အောင် ရည်ရွယ်တဲ့ အဲဒီကံစမ်းမဲ အစီအစဉ်ဟာ အခမဲ့ဖြစ်ပေမယ့် မသမာသူတွေက နည်းမျိုးစုံ နဲ့ ငွေကြေးလိမ်လည်ရယူမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။ လျောက်ထားမှုအတွက် ငွေကြေးလုံးဝပေးဖို့ မလိုပါ။ ကွန်ပြူတာက ရွေးချယ်ခံရပြီးချိန်မှာတော့ မဲပေါက်သူတွေအနေနဲ့ လိုအပ်တဲ့ ဝင်ကြေးငွေကို သက်ဆိုင်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွေမှာ တိုက်ရိုက်ပေးသွင်းရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက တခြားနည်းနဲ့ တောင်းခံမှာ မဟုတ်သလို ပေးလို့လည်းရမှာ မဟုတ်ပါဘူး။

အခုနှစ် DV အစီအစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပွဲတွေကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၇၊ ၁၁၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ပြုလုပ်ပါလိမ့်မယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။