DV Visa ကံစမ်းမဲ အတုတွေသတိထား

အမေရိကန်မှာ အခြေချ နေထိုင်ခွင့် ရမယ့် Diversity Visa ခေါ် DV ဗီဇာ မဲပေါက်တယ်ဆိုပြီး မြန်မာပြည်တွင်းက လျှောက်ထားသူ ကာယကံရှင်တွေထံ အခု ရက်ပိုင်းအတွင်း အီးမေးလ်ကတဆင့် အကြောင်းကြားစာ အတုတွေ ပို့နေတာကြောင့် ဒီကိစ္စကို သတိပေးတဲ့အနေနဲ့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

2011.05.01
dv-embassy-screenshot-305-z အမေရိကန်ပြည်ထောင်စုတွင် အခြေချ နေထိုင်ခွင့် Diversity Visa ခေါ် DV ဗီဇာနှင့်ပတ်သက်သည့် အချက်အလက်များကို ရန်ကုန် အမေရိကန်သံရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။ (Screenshot from Rangoon US embassy webpage)
Screenshot from Rangoon US embassy webpage

၂ဝ၁၂ ခုနှစ်အတွက် DV ဗီဇာ မဲပေါက်သူ အမည်စာရင်းကို မေလ ၁ ရက်နေ့မှသာ စတင် ကြေညာမှာဖြစ်ကြောင်း၊ လျှောက်ထားသူတွေ အနေနဲ့ မိမိတို့ မဲပေါက် မပေါက်ဆိုတာကို www.dvlottery.state.gov ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ သွားရောက် ကြည့်ရှုနိုင်ကြောင်း ပြီးခဲ့တဲ့အပတ်က ရန်ကုန် အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗီဇာ မဲပေါက်ကြောင်း သေချာသူတွေ အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ လမ်းညွှန်ထားတဲ့အတိုင်း အကြောင်းပြန်ကြားရမှာ ဖြစ်ပြီး၊ အပြီးသတ် ဆက်လက် လုပ်ဆောင်ရမယ့် ညွှန်ကြားချက်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့မှာဖြစ်ကြောင်း၊ အဲဒီ ညွှန်ကြားချက်တွေကို ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပေးမှာ မဟုတ်ကြောင်း ရေးသားထားပါတယ်။

ဆက်လက်ပြီး၊ အခုအခါမှာ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးက DV ဗီဇာ လျှောက်ထားသူတွေထံ မမှန်မကန် အီးမေးလ်တွေ လက်ခံရရှိနေတာကို တွေ့ရကြောင်း အဲဒီအီးမေးလ်ထဲမှာ ဗီဇာလျှောက်ထားသူတွေ DV ဗီဇာ မဲပေါက်တယ်ဆိုပြီး လိမ်ညာ ဖော်ပြထားကြောင်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

DV ဗီဇာ အစီအစဉ်ဟာ ကွန်ပျူတာသုံးပြီး စနစ်တကျ မဲဖောက်ပေးတဲ့စနစ် ဖြစ်ပြီး ဗီဇာမဲပေါက်သူ ဘယ်သူဆိုတာကို အီးမေးလ်က ဖြစ်စေ၊ စာတိုက်က ဖြစ်စေ အကြောင်းကြားမှာ မဟုတ်ကြောင်းလည်း အမေရိကန်သံရုံးက သတိပေးထားပါတယ်။

DV ဗီဇာ အစီအစဉ်ဟာ အခမဲ့ လုပ်ဆောင်ပေးတဲ့ အစီအစဉ်ဖြစ်ပြီး၊ မဲပေါက်သူတွေ အနေနဲ့လည်း အမေရိကန် အစိုးရကို ငွေကြေး တစုံတရာ ပေးသွင်းစရာ မလိုတဲ့အကြောင်း အမေရိကန်သံရုံးက ထပ်မံ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။