စစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

2022.08.06
စစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) အား တွေ့ရစဉ်
Photo: U.S. Department of State

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက ဆက် လက်ငြင်းဆန်နေမယ်ဆိုရင် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းရေးကို စဉ်းစားသင့် တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည်တွေအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့လည်း သူက ပြောပါတယ်။

သြဂုတ်လ ၅ ရက်နေ့ မနေ့က VOA Khamer ဌာန သတင်းထောက်နဲ့ တွေ့ဆုံမေးမြန်းရာ မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ အခြေအနေေတွေ ပိုဆိုးလာနေတာ တွေ့ရကြောင်း၊ အမေရိကန်အစိုးရအနေ နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ရှိပါသလားလို့ အဲဒီ သတင်းထောက်က မေးမြန်းရာမှာ မစ္စတာ ဘလင်ကန်က -

"မြန်မာပြည်ရဲ့ အခြေအနေတွေက ဆိုးဝါးနေရာကနေ ပိုပြီးဆိုးလာတာကို တွေ့ရတယ်၊ စစ်ကောင်စီဟာ ကမ္ဘောဒီးယား၊ တခြားတိုင်းပြည်နဲ့ အာဆီယံတို့က မလုပ်ပါနဲ့ တားတဲ့ ကြားက ဒီမိုကရေစီလှုပ်ရှားသူ လေးယောက်ကို လူမဆန် ကွပ်မျက်ခဲ့တယ်၊ အာဏာ သိမ်းမှုကြောင့်ဖြစ်လာတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားမှုမှန်သမျှကို စစ်ကောင်စီ က လုံးဝတာဝန်ယူဖြေရှင်းမှု မရှိတာကို ကျနော်တို့ မြင်တွေ့နေရတယ်။ အာဆီယံက ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ် ဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ စတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဆောင်ရွက်ပါ့မယ်လို့ စစ်ကောင်စီက သဘောတူ လက်မှတ်ရေးထိုးခဲ့တာ လ ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီက လုံးဝအကောင်အထည်ဖော်လိုတဲ့ဆန္ဒ မရှိပါဘူး။ ဒီလိုအခြေအနေတွေကြောင့် တိုင်းပြည်တွေအနေနဲ့ စစ်ကောင်စီကို စီးပွားရေး အရ နိုင်ငံရေးအရ ပိုပြီးဖိအားပေးဖို့အတွက် နည်းလမ်းတွေ ရှာရလိမ့်မယ်၊ အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအား လုံးနဲ့ ထိတွေ့ဆက်ဆံသင့်တယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီကို ကျနော်တို့ ဖိအားတွေ ပေးရလိမ့်မယ်၊ ဒါ့အပြင် အဲဒီ စစ်ကောင်စီလက်ထဲကို လက်နက်တွေ လုံးဝမရောက်အောင် အသေအချာ နည်းလမ်းရှာရလိမ့်မယ်။ ဒါကြောင့် စီးပွားရေးအရ ဖိအားပေးမှု နဲ့ ပိတ်ဆို့မှုတွေ အပါ အဝင် နောက်ထပ်ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားရလိမ့်မယ်"

အာဆီယံအနေနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးတွေ တက်ခွင့်မပြုတဲ့အပြင် အခြားဘာတွေလုပ်သင့်ပါလဲလို့ VOA Khamer ဌာန သတင်းထောက်က ဆက်ပြီးမေးမြန်း တဲ့အခါ-

"စစ်ကောင်စီက ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ထားတဲ့ အချက်ကို အခြေခံပြီး ကောက်ချက်ဆွဲ စဉ်းစားရမှာဖြစ်တယ်၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ လက်ခံမယ်လို့ အာဆီယံက လက်ရှိချမှတ်ထားတဲ့ မူဝါဒဟာ တကယ်ကို မှန်ကန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ စစ်ကောင်စီက ဒီအတိုင်း ဆက်ပြီး ငြင်းနေမယ်ဆိုတော့ အာဆီယံအနေနဲ့ မြန်မာကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ခြင်း အပါအဝင် အခြားနည်းလမ်းတွေကို အာဆီယံအနေနဲ့ ရှာဖွေသင့်တယ်လို့ မြင်ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။