လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်လုပ်ဆောင်ဟု ကန် မသုံးသေးပါ


2018.08.29
heather-nauert-622.jpg အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကို တွေ့ရစဉ်
Photo: Mandel Ngan / AFP

မနေ့က တနေ့တည်းမှာပဲ ဝါရှင်တန်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ဟယ်သာ နော့အတ် က မြန်မာနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို “Genocidal intent” (ဂျနိုဆိုက်ဒယ် အင်တန့်) လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ် လုပ်ဆောင်ခဲ့သလားဆိုတာကို အမေရိကန်အစိုးရ အနေနဲ့ ဥပဒေကြောင်းအရ အသိအမှတ်ပြု ဆုံးဖြတ်ခြင်း မရှိသေးပါဘူးလို့ ပြောကြားပါတယ်။ အဲဒီလို အသုံးအနှုန်း ဟာ ဥပဒေအရ တိတိကျကျ သတ်မှတ်သုံးစွဲတဲ့ စကားလုံးဖြစ်တဲ့အပြင် အင်မတန် ပြင်းထန်ပြီး နိုင်ငံတကာ တရားရုံးတွေမှာပါ အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက် အလွယ်တကူ ဆုံးဖြတ်လို့ မဖြစ်နိုင်ကြောင်း သူမ က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခဲ့တဲ့ IIFFMM လွတ်လပ်သောနိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို “Genocidal intent” (ဂျနိုဆိုက်ဒယ် အင်တန့်) လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်လုပ်ဆောင်ခဲ့တယ်လို့ ဖေါ်ပြ ထားပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးဖို့ သို့မဟုတ် အလားတူ နိုင်ငံတကာရာဇဝတ်ခုံရုံး တခု သီးခြားဖွဲ့စည်းပြီး ရုံးတင်စစ်ဆေးဖို့ တိုက်တွန်းထားတဲ့အပြင် မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုတွေ ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ ပြဌာန်းသင့်ကြောင်းလည်း ထောက်ခံတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။