မြန်မာကို အကူအညီ ပိုပေးဖို့ အမေရိကန် ထိပ်တန်းသံတမန်များ ကတိပြု

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ထိပ်တန်း သံအရာရှိ နှစ်ဦးဖြစ်တဲ့ Michael Posner နဲ့ Derek Mitchell တို့ရဲ့ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးသွားဖို့ ကတိပြု ပြောကြားလိုက်ပါတယ်။

2011.11.04
assk-mitchell-posner-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ AFP PHOTO/Soe Than WIN
AFP

မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပိုင်းကို ရောက်နေပြီလို့ အမေရိကန် အစိုးရရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထိပ်တန်း အရာရှိကြီး မစ္စတာ ပေါ့စနာက ရန်ကုန် အမေရိကန်သံရုံးမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အားတက်စရာ ကောင်းတဲ့ လုပ်ဆောင်ချက် တချို့ကို တွေ့ခဲ့ရတယ်လို့လည်း သူကပြောဆိုကြောင်း အမေရိကန် အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့တာကို ကြိုဆိုကြောင်း အမေရိကန် အရာရှိ နှစ်ဦးလုံးက ပြောဆိုပါတယ်။ အခုလို ကြိုဆိုရတာဟာလည်း နောက်ထပ် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးစေလိုတဲ့ အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ အသစ်တွေ မှတ်ပုံတင်ခွင့်ပြုဖို့၊ လွတ်လပ်စွာ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုဖို့ အပါအဝင် နိုင်ငံရေး အပြောင်းအလဲတွေ ပြုလုပ်ဖို့ကတိပြုထားတာတွေကို အကောင်အထည် ပေါ်လာစေလိုတဲ့ အတွက် ကြိုဆိုရတာ ဖြစ်ကြောင်း အမေရိကန်အစိုးရ ကိုယ်စားလှယ် အရာရှိနှစ်ဦးက ပြောပါတယ်။

အခုချက်ချင်း မဟုတ်ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေးဟာ ပုံမှန် အနေအထားကို ပြန်လည် ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်လာပါက နှစ်နိုင်ငံ အစိုးရတွေ အကြား ဆက်ဆံရေးဟာ ပိုမို ပျော့ပျောင်းလာမှာ ဖြစ်ကြောင်းကိုလည်း မိုက်ကယ် ပို့စနာက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွက် အသေးစား ချေးငွေနဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ အတွက် အကူအညီတွေ တိုးချဲ့ပေးသွားဖို့ စဉ်းစားနေတယ်လို့လည်း မစ္စတာ ဒဲရစ် မစ်ချဲက ပြောပါတယ်။

မစ္စတာ မစ်ချဲဟာ မြန်မာ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံ စကားပြောခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။