အမေရိကန် သတင်းစာဆရာ ဒန်နီဖန်းစတားကို စစ်ကောင်စီက ပုဒ်မသုံးခုနဲ့ ထောင်ဒဏ် ၁၁ နှစ်ချ

2021.11.12
အမေရိကန် သတင်းစာဆရာ ဒန်နီဖန်းစတားကို စစ်ကောင်စီက ပုဒ်မသုံးခုနဲ့ ထောင်ဒဏ် ၁၁ နှစ်ချ အမေရိကန်နိုင်ငံသား သတင်းသမား ဒန်နီ ဖန်းစတား (Danny Fenster) ကို တွေ့ရစဉ်
Photo: AFP

အမေရိကန်နိုင်ငံသား သတင်းစာဆရာလည်းဖြစ် ယခင်က ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှု အယ်ဒီတာလည်းဖြစ်သူ ဒန်နီဖန်းစတား (Danny Fenster) ကို အင်းစိန်ထောင် အထူးတရားရုံး တစ်ခုကနေ ဒီနေ့ ပုဒ်မသုံးခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။

အခုလို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်တာဟာ စစ်ကောင်စီက နိုင်ငံရေးပယောဂပါနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်းစတား (Danny Fenster) ကို လာမယ့် နိုဝင်ဘာလ ၁၅ ရက် တနင်္လာနေ့ ရုံးချိန်းအစား ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရုံးချိန်းပြောင်းပြီး အင်းစိန်ထောင် အထူးတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက် နေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က RFA ကို ပြောပါတယ်။

ဒန်နီဖန်းစတား (Danny Fenster) ဟာ စစ်သားတွေကို ပုန်ကန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ - ၁၇ (၁) နဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ - ၁၃ (၁) စတဲ့ ပုဒ်မသုံးခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အမှုတစ်ခုချင်းစီကို သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်ခံရတာလို့လည်း ဒန်နီဖန်းစတား (Danny Fenster) ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

"၁၁ နှစ်က ဘယ်လို ချလိုက်သလဲဆိုတော့ ၅၀၅ (က) အမှုအတွက်က သုံးနှစ်၊ ၁၇ (၁) အမှုအတွက်က သုံးနှစ်၊ လဝက ၁၃ (၁)က ငါးနှစ်နဲ့ ဒဏ်ငွေတစ်သိန်း။ ဒဏ်ငွေ တစ်သိန်း မဆောင်လို့ရှိရင် ထောင်ဒဏ် ခြောက်လ ကျခံစေဆိုတော့ ကျနော်စိုက်ပြီးတော့ ဆောင်ခဲ့လိုက်တယ်။ ဆိုတော့ သုံးမှုစာအတွက် အားလုံး ၁၁ နှစ် ဖြစ်သွားတာပေါ့နော်။ အမှုတွေပြီးတော့ ကျနော် တရားသူကြီးကို မေးတယ်။ ဒါက သီးခြားစီလားဆိုတော့ သီးခြားစီ ကျခံရမယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ပါတယ်"

ရန်ကုန် အင်းစိန်ထောင် အထူးတရားရုံးက ချလိုက်လိုက်တဲ့ ပြစ်ဒဏ်တွေဟာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်လို့ အထက်အဆင့်ဆင့်ကို အယူခံဝင်မလားလို့ ရှေ့နေဖြစ်သူက သတင်းသမား ဒန်နီဖန်းစတား (Danny Fenster) ကို မေးတဲ့အခါ “ဒီအမိန့်တွေက အပေါ်က လာတာဖြစ်လို့ အယူခံ မဝင်တော့ဘူး’’ လို့ ပြန်ပြောခဲ့တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ ပုဒ်မ ၁၇ (၁) တို့လို ပုဒ်မတွေ တပ်ပြီး အရေးယူခံရတာဟာ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာတဲ့ သတင်းဌာန ငါးခုကို ပိတ်သိမ်းတဲ့အခါ Myanmar Now သတင်းဌာနက သတင်းတွေ ဆက်လက် ထုတ်လွှင့်ခဲ့ကြောင်း၊ ဒါ့အပြင် CRPH လို မတရားအသင်းကိုလည်း အားပေးအားမြှောက် ပြုတယ်ဆိုပြီး စွပ်စွဲခံရတာလို့လည်း ဆိုပါတယ်။

အဲဒီအမှု နှစ်မှုကို ဒန်နီဖန်းစတား (Danny Fenster) က ကျူးလွန်တာဟာ ဗီဇာစည်းကမ်းတွေ ဖောက်ဖျက် တာ ဆိုပြီး လဝက ဥပဒေပုဒ်မ - ၁၃ (၁) နဲ့ပါ ဆက်လက် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းသမား ဒန်နီဖန်းစတား (Danny Fenster) ဟာ Myanmar Now သတင်းဌာနမှာ အလုပ်လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့မိသားစုဆီကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က အလည်အပတ် ပြန်ချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုကို စောင့်ကြည့်နေသူတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က သတင်းစာဆရာ ဦးမြင့်ကျော် ကတော့ ဒန်နီဖန်းစတား (Danny Fenster) ဟာ အဖမ်းခံရချိန်မှာ Myanmar Now သတင်းဌာနရဲ့ သတင်းထောက် မဟုတ်တော့ဘဲ Frontier Myanmar ကို စစ်တပ်က အာဏာ မသိမ်းခင်ကတည်းက ပြောင်းရွှေ့လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီလောက် ပြစ်ဒဏ်ချတာက တော်တော်အရုပ်ဆိုးတယ်လို့ ထင်တယ်ပေါ့နော်"

အခုလို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ နိုင်ငံရေးပယောဂကြောင့်လို့ ယူဆကြောင်း သတင်းစာ ဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

"ကျန်တဲ့ပုဒ်မတွေ ထပ်တိုးတာရယ် အခုပေးတဲ့ ပြစ်ဒဏ်က တော်တော်လေးကို အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တာရယ်က ဒီဟာက နိုင်ငံရေး ပယောဂတွေ ပါနေသလားလို့ စဉ်းစားမိတယ်။ ဒီလောက် ပြစ်ဒဏ် ချတာက တော်တော် အရုပ်ဆိုးတယ်လို့ ထင်တယ်ပေါ့နော်"

သတင်းသမားတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ သတင်းသမား အလုပ်ဟာ ပိုပြီးတော့ အန္တရာယ်များလာသလို၊ ပြည်တွင်းမှာလည်း သတင်းထောက်လုပ်မယ့်သူ ပိုနည်း သွားနိုင်တယ်လို့ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

ဒန်နီဖန်းစတား (Danny Fenster) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ ရုံးချိန်မှာ နိုင်ငံတော် အကြည်ညို ပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (က) တို့နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ထပ်တိုး အမှုဖွင့်ခံထားရတယ်လို့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

denny-fenster-family.jpg
အမေရိကန် သတင်းစာဆရာ ဒန်နီဖန်းစတားကို သူ့ရဲ့ မိဘတွေနဲ့ အတူတွေ့ရစဉ် (Photo: AFP)

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (က) နှစ်ခုစလုံးဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်တဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ကြောင့် အခုလိုအမိန့်ချမှတ်တာလို့ ပြောပါတယ်။

"သူ (Danny Fenster) ရေးခဲ့တဲ့ဟာတွေနဲ့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့်ပေါ့ဗျာ။ ဒါတွေ ထင်ရှားလို့ စီရင်ချက် ချတာပဲ။ ကျနော်တို့ အနေနဲ့ အရင်တစ်ခါက လွှတ်ပေးလိုက်တဲ့အထဲမှာ အမှုကနေ ပြေငြိမ်း တယ်။ ပိတ်သိမ်းတဲ့အထဲမှာ သတင်းထောက်တွေ ပါတာပဲ။ သူတို့ရဲ့ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်အပေါ် မှာပဲ မူတည်ပါလိမ့်မယ်။ တရားရုံးအနေနဲ့ကလည်း ပြစ်မှုထင်ရှား မရှိဘဲနဲ့ တရားစီရင်လို့ မရပါဘူး"

သတင်းထောက်တွေကို အခုလို အရေးယူနေတာတွေဟာ အခုလက်ထက်ကျမှ မဟုတ်ဘဲ ယခင် NLD အစိုးရ လက်ထက်ကတည်းက သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အရေးယူခံနေရတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒန်နီဖန်းစတား (Danny Fenster) နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ပတ်သက်လို့ Frontier Myanmar သတင်းဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ အများပြည်သူ လာရောက်နားထောင်ခွင့် မရှိတဲ့ ရန်ကုန် အင်းစိန် အကျဉ်းထောင်ရဲ့ တရားရုံးတစ်ခုက ထုတ်ပြန်ခဲ့တဲ့ အမိန့် ပြစ်ဒဏ်တွေက တရားဥပဒေအရ အပြင်းထန်ဆုံး တွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

တရားရုံးကို သူတို့ဘက်က သက်သေအဖြစ် တင်သွင်းခဲ့တဲ့ Frontier Myanmar ရဲ့ အခွန်နဲ့ လူမှုဖူလှုံရေး မှတ်တမ်းတွေ၊ Frontier ဝန်ထမ်းရဲ့ထွက်ဆိုချက် အပါအဝင် အလုပ်ခန့်ထားမှုဆိုင်ရာ ထင်ရှားတဲ့ ပမာဏ သက်သေတွေကို တရားရုံးက လျစ်လျူရှုခဲ့တယ်လို့လည်း ဆိုပါတယ်။

"ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး Danny ကို စွဲချက်တင်ဖို့ လုံးဝ အခြေအမြစ် မရှိဘူး။ Danny ရဲ့ ဥပဒေအဖွဲ့ က သူ Myanmar Now ကနေ နုတ်ထွက်ပြီး မနှစ်ကစ Frontier မှာ အလုပ်လုပ်တယ်ဆိုတာကို တရားရုံး ကို ရှင်းရှင်းလင်းလင်း ပြခဲ့ပါတယ်" လို့ Frontier ရဲ့ ခေါင်းဆောင် အယ်ဒီတာ Thomas Kean က ပြောပါတယ်။

Frontier မှာရှိတဲ့ လူတိုင်းဟာ ဒီဆုံးဖြစ်ချက်ကို စိတ်ပျက်မိကြကြောင်းနဲ့ ဒန်နီဖန်းစတား (Danny Fenster) ကို အမြန်ဆုံးလွှတ်ပေးပြီး သူ့မိသားစုဆီ ပြန်နိုင်စေချင်ကြကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းထောက် ဒန်နီဖန်းစတား (Danny Fenster) ဟာ တရားရုံး ဆုံးဖြတ်ချက်ကို ကြားပြီးတဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်အလွန်ကျသွားပြီး မျက်ရည်တွေနဲ့ သူ ထောင်ထဲမှာ ၁၁ နှစ်လုံးလုံး နေရတော့မှာလားဆိုပြီး ရှေ့နေ ဖြစ်သူကို မေးမြန်းခဲ့ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။