အမေရိကန်ကြက်ကြော် ရန်ကုန်မှာ ဖွင့်မည်


2014.10.14

အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားတဲ့ KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ရောင်းချတော့မယ်လို့ သိရပါတယ်။ KFC ကြက်ကြော်ဟာ အမေရိကန်မှာသာမက ကမ္ဘာတဝှမ်းက နိုင်ငံအတော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချနေတာပါ။

မြန်မာနိုင်ငံမှာလည်း ရိုးမ ကုမ္ပဏီလိမိတက်က ဆိုင်ခွဲဖွင့်ခွင့်ရရှိထားပြီး၊ ရှေ့နှစ် ၂၀၁၅ မှာ ဖွင့်လှစ်ဖို့ စီစဉ်ပြင်ဆင်နေကြောင်း ရိုက်တာသတင်းကဖေါ်ပြပါတယ်။

BCG ခေါ် ဘော်စတွန် အခြေစိုက် ဈေးကွက်သုတေသနအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် လေ့လာချက်အရ မြန်မာနိုင်ငံမှာ လူ ၁၀ ယောက်မှာ အများဆုံး ၄ ယောက်ဟာ စားသောက်ဆိုင်တွေမှာ မကြာခဏ စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာလူဦးရေ သန်း ၅၀ မှာ လူလတ်တန်းစားဦးရေ တိုးတက်လာတာနဲ့အမျှ ရေရှည်မှာ KFC ကြက်ကြော်လုပ်ငန်း အကျိုးဖြစ်ထွန်းမယ့် အခွင့်အလမ်းရှိကြောင်း ရိုးမ ကုမ္ပဏီလိမိတက်က ပြောပါတယ်။

ရိုးမ ကုမ္ပဏီရဲ့ KFC ကြက်ကြော်ကို ရန်ကုန်မြို့မှာ ပထမဆုံး ဖွင့်လှစ်ရောင်းချမယ်လို့ သိရပါတယ်။

KFC ကြက်ကြော်ဆိုင်ကို ၁၉၅၂ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီး၊ အခုအခါ နိုင်ငံပေါင်း တစ်ရာကျော်မှာ ဆိုင်ခွဲပေါင်း နှစ်သောင်းနီးပါး ဖွင့်လှစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။