မွတ်စလင် ၁၉ ဖွဲ့ တရားစွဲဆိုမှု အမေရိကန်အစိုးရနဲ့ မသက်ဆိုင်ကြောင်း ပြောကြား


2015.10.08
john-kirby-620.jpg အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကို တွေ့ရစဉ်
Photo: wikipedia

အမေရိကန်နိုင်ငံမှာ မွတ်စလင်အဖွဲ့အစည်း ၁၉ ခုက မြန်မာအစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှု အတွက် နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက သမ္မတဦးသိန်းစိန်ကို ဆင့်ခေါ်တဲ့ သမ္မာန်စာထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးရဲ့လုပ်ရပ်ဟာ အမေရိကန်အစိုးရမူဝါဒနဲ့ သက်ဆိုင်မှုမရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ဌာနပြောခွင့်ရပုဂ္ဂိုလ် John Kirby က အခုလို ပြောလိုက်တာဖြစ်ပြီး အမေရိကန်တရားစီရင်ရေးဌာနနဲ့ အမေရိကန်အစိုးရနဲ့ သီးခြားစီရပ်တည်တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“အမေရိကန် ဗဟိုတရားစီရင်ရေးစနစ်ဟာ အမေရိကန်အစိုးရနဲ့ သီးခြားစီရပ်တည် ဆောင်ရွက်တာဖြစ်တဲ့အတွက် အခုအမှုနဲ့ပတ်သက်လို့ ဆင့်ခေါ်ဆုံးဖြတ်မှုတွေဟာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရမူဝါဒနဲ့ လုံးဝပတ် သက်တဲ့ ကိစ္စရပ်မဟုတ်ကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ တရားရုံးအမှုတွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးမှာလည်း မဟုတ်ကြောင်း၊ ဒီအမှုနဲ့ဆက်စပ်တဲ့ မေးခွန်းတွေကို တရားစွဲဆိုတဲ့ အဖွဲ့စည်းတွေကိုပဲ မေးမြန်းသင့်ကြောင်း” လည်း Mr. Kirby က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။