မြန်မာနိုင်ငံ ရွေးကောက်ပွဲကို အမေရိကန်နဲ့ တရုတ်ချီးကျူး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်ကို ဒီနေ့ မနက် ၈ နာရီခွဲက တယ်လီဖုန်းဆက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ သမိုင်ဝင် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ချီးကျူးဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှုဟာ သမ္မတကြီးအနေနဲ့ ဂုဏ်ယူရမယ့် သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် ရဲဝံ့စွာဖော်ဆောင်ခဲ့ တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွက် ထူးခြားပြောင်မြောက်တဲ့ အနာဂတ် ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ပြောကြားခဲ့တယ်လို့ သမ္မတပြောခွင့် ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တပြိုင်နက်တည်းမှာပဲ တရုတ်အစိုးအနေနဲ့လည်း မြန်မာနိုင်ငံမှာ ထူးခြားအရေးပါတဲ့ အထွေထွေရွေးကောက်ပွဲ ကြီး ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ခင်တဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားမယ်ဆိုတာ တရုတ်အစိုးရအနေနဲ့ ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဒီကနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ယူနန်ပြည်နယ်၊ ကျင်ဟောင်းမြို့မှာ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။
စိတ်ရင်းကောင်းတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကို စည်းလုံးညီညွတ်ပြီး တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုးတဲ့ နိုင်ငံတခုအဖြစ် တရုတ်နိုင်ငံက ရိုးသားစွာမြင်လိုကြောင်း၊ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံး အတူလက်တွဲပြီး ဖွံ့ဖြိုးတိုးတက်မယ့် လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးရေး အသွင်ကူးပြောင်းမှုမှာ တရုတ်အစိုးရအနေနဲ့ ဆက်လက်ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို ချစ်ကြည်ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးမူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။