မြန်မာပြည်တွင်း ဆူပူလှုံ့ဆော် သူတွေကို ထောက်ပံ့ခြင်းမပြုဖို့ ကန် လွှတ်တော်ပြဌာန်း


2015.12.18
us-capitol-b620.JPG အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။
Photo: RFA

အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေ ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေး ထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကိုဖြစ်စေ၊ တစ်သီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစ်စုံတရာ ကူညီထောက်ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် အဲ့ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်လုပ်ကိုင်ရာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူကို လေ့လာသုံးသပ်ဖို့လည်း အတိအကျထည့်သွင်း ညွှန်ကြား ထားတယ်လို့ဆိုပါတယ်။

လာမယ့် စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ အဲ့ဒီ ၂ဝ၁၆ ခုနှစ် နိုင်ငံတော်သုံးစွဲငွေ ဥပဒေမူကြမ်းမှာ သမ္မတ အိုဘားမား အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက ခရစ်ယာန် ဘာသာဝင်တွေ ညှင်းပန်းနှိပ်စက်ခံနေရတာတွေကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြဌာန်းထားတဲ့ အတွက်  ကျေနပ်အားရမိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဲ့ဒီ ဥပဒေမူကြမ်းအရ အမေရိကန်အစိုးရဟာ အခုဘဏ္ဏာရေးနှစ်အတွက် ငွေ သန်းပေါင်း ဘီလီယံ တစ်ထောင့် တစ်ရာခန့် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ လွှွတ်တော်နှစ်ရပ်လုံးက မူကြမ်းကို အခု အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သမ္မတ အိုဘားမားလက်မှတ်ထိုးပြီးရင် ဥပဒေဖြစ်လာပါလိမ့်မယ်။ အစွန်းရောက်မွတ်စလင်တွေ နှိမ်နှင်းရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စတွေအတွက် ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ နှစ် ၄ဝ ကြာပိတ်ပင်ထားတဲ့ ပြည်ပရေနံ တင်ပို့ခွင့် ပြန်လည်ခွင့်ပြမှု စသဖြင့် စာမျက်နှာ နှစ်ထောင်ကျော် ပါဝင်တဲ့ အဲ့ဒီမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အခုလို အချိန်ယူဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတ အိုဘားမားက လွှတ်တော်ခေါင်းဆောင်တွေကို တယ်လီဖုန်းဆက်ပြီး ချီးကျူးစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။