မြန်မာပြည်ဆိုင်ရာ ဥပဒေသစ် ကန်အဆိုပြု


2016.09.14
us-capitol-622.jpg အမေရိကန်လွှတ်တော် အဆောက်အဦးပုံ
.

အမေရိကန် အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Ben Cardin ဘင်ကာဒင်နဲ့ John McCain ဂျွန်မက်ကိန်း တို့က မြန်မာပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှုတွေကို အထောက်အပံ့ပြုရေးနဲ့ တပြိုင်နက်မှာ မြန်မာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆက်လက်ဖြစ်ထွန်းရေး အတွက် ၂ဝ၁၆ ခုနှစ် မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာ အက်ဥပဒေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

အထက်လွှတ်တော်အမတ် ကာဒင်က မြန်မာပြည်ဟာ စစ်အာဏာရှင်တွေလက်အောက် အမှောင်ခေတ်ကနေ ဒီမိုကရေစီခရီးလမ်းအတွက် အရေးပါတဲ့ခြေလှမ်းတွေကို ချမှတ်လျှောက်လှမ်းခဲ့ပြီးဖြစ်ကြောင်းနဲ့ မိမိတို့ ဒီကနေ့ အဆိုပြုခဲ့တဲ့ ဥပဒေဟာ မြန်မာပြည်တိုးတက်ရေးအတွက် အထောက်အကူပြုဖို့ဖြစ်ကြောင်း ပြောပါတယ်။ တပြိုင်နက်မှာပဲ ရိုဟင်ဂျာတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဏတွေကိုလည်း မိမိတို့ ရှင်းရှင်းလင်းလင်း ရှုမြင်ပါကြောင်း ပြောကြားပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း သူတို့ ဒီကနေ့ တင်သွင်းတဲ့ဥပဒေဟာ မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးတို့အတွက် အထောက်အကူပြုဖို့ဖြစ်ကြောင်းနဲ့ ဒီကိစ္စတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီအပတ်အတွင်း တွေ့ဆုံတဲ့အခါ တိုင်ပင်ဆွေးနွေးလိုကြောင်း ပြောပါတယ်။

အဲ့ဒီအထက်လွှတ်တော်အမတ် ၂ ဦး ဒီကနေ့ ကမကထပြုတင်သွင်းလိုက်တဲ့ ၂ဝ၁၆ ခုနှစ် မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာအက်ဥပဒေမှာ စီးပွားရေးကဏ္ဏဆိုင်ရာအဖြစ် လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ရေး၊ လူသားချင်း စာနာမှု အကူအညီတွေပေးရေး၊ တိုင်းရင်းသားတွေအချင်းချင်း ရင်ကြားစေ့ရေးကို တိုးတက်အောင်မြှင့် တင်ပေးရေး၊ အကျင့်ပျက်မှုတိုက်ဖျက်ရေးအတွက် ကူညီရေးနဲ့ မြန်မာပြည်က စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိအောင် အကူအညီပေးရေး စတဲ့အချက်တွေပါဝင်ပါတယ်။

အမေရိကန်နဲ့ မြန်မာတပ်မတော် အချင်းချင်း ဆက်ဆံရေးဆိုင်ရာကဏ္ဏမှာတော့ မြန်မာတပ်မတော်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ရေး၊ အင်္ဂလိပ်စာ သင်တန်းပေးရေး၊ အရပ်သားအစိုးရအုပ်ချုပ်ရေးကို အထောက်အကူပြုတဲ့ တခြားနိုင်ငံတွေက တပ်မတော်တွေနဲ့ မြန်မာ့တပ်မတော် ပေါင်းကူးရေးတွေ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အဲ့ဒီအက်ဥပဒေမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဏတိုးတက်ရေးနဲ့ ပတ်သက်ပြီး မြန်မာ-အမေရိကန် ဖွံ့ဖြိုးရေး ရန်ပုံငွေတရပ် ထူထောင်ကာ ရင်းနှီးမြုှပ်နှံမှုနဲ့ အလုပ်သမား လယ်သမားတွေကို ထောက်ပံ့ကူညီရေး အချက်တွေပါဝင်သလို ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့တော့ လမ်းညွန်ချက်တွေ အသေအချာချမှတ်ပြဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပါတယ်။

ဒီကနေ့တင်သွင်းတဲ့ အက်ဥပဒေကို တခြားအထက်လွှတ်တော်အမတ် ၂ ဦးဖြစ်ကြတဲ့ Dick Durbin ဒစ် ဒါဘင်နဲ့ Brian Schatz ဘရိုင်ရန် ရှတ်ဇ် တို့ကလည်း ပူးတွဲအဆိုပြုသူတွေအဖြစ် လက်မှတ်ရေးထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။