မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှု အမေရိကန် သမ္မတရုံး ချီးကျူး
2015.11.09

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေကို အမေရိ ကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်လို့ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားလိုက်ပါတယ်။
ဒီ ရွေးကောက်ပွဲ အေးချမ်းအောင်မြင်စွာကျင်းပနိုင်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေ အားလုံးကိုလည်း ထောပနာပြုလိုပါတယ်လို့ နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒါ့အပြင် သူကလုပ်နည်းလုပ်ဟန် စနစ်ပိုင်းမှာ ချွတ်ယွင်းအားနည်းချက်တွေရှိတာ မှန်ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးလှတဲ့ ခြေလှမ်းတစ်လှမ်းကို ဒီ ရွေးကောက်ပွဲကြီးက ပြသ လိုက်တာပဲလို့လည်း Mr Earnest က ပြောသွားပါတယ်။
စစ်တပ်အာဏာရှင်တွေအောက်မှာ အနှစ် ၅၀ ကျော် နေထိုင်လာခဲ့ရပြီးတဲ့နောက်မှာ အခု ဒီရွေးကောက်ပွဲ အောင်မြင် စွာ ပြီးဆုံးသွားတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်ကို ဂုဏ်ယူအားတက် စရာ ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး ရင်ဆိုင်ကြရမှာတွေက ပိုမို ခက်ခဲကြမ်းတမ်းမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ ဒုတိယ ဥက္ကဌ Mr Robert Herman ကလည်း အနှစ် ၅၀ ကျော်ကာလမှာ ပထမဆုံးအဖြစ် ပြည်သူတွေအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ် ကို ရွေးချယ်နိုင်ကြတာဖြစ်ကြောင်း၊ ဒါပေမဲ့ မွတ်စလင် ဘာသာဝင်တွေကို ကိုယ်စားလှယ်အဖြစ် အဝင်မခံတာ၊ ရိုဟင်ဂျာ မွတ်စလင်တွေ ဆန္ဒမဲပေးခွင့်မရတာတွေက လုံးဝ လွတ်လပ်တရားမျှတတယ် ဆိုတဲ့စကားကို ဝိရောဓိဖြစ်စေခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။