အမေရိကန်သမ္မတ အိုဘားမား နဲ့ မြန်မာလွှတ်တော် အမတ်တွေ ဆွေးနွေးမည်
2014.11.12

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တချို့ဟာ မြန်မာနိုင်ငံပြုုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်အတွင်းက လွှတ်တော် ရဲ့အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော် နန်းဝတီဟိုတယ်မှာ မနက်ဖြန် ဆွေးနွေးကြမယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတက မြန်မာနိုင်ငံရဲ့ လွှတ်တော်အပေါ် သုံးသပ်ချက်ကို ပြောကြားမှာဖြစ်ပြီး တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်လည်ဆွေးနွေး မှာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
"ကျနော်တို့ လွှတ်တော်အကြောင်းကို ပိုစိတ်ဝင်စားလိမ့်မယ်လို့ထင်တယ်၊ သူသိတဲ့မြင်တဲ့ဘက်ကနေ ပြီးတော့ လွှတ်တော်က မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ ဘယ်လိုပါနိုင်သလဲဆိုတာကို သူကပြောပြမယ်၊ ကျနော်တို့က မရှင်းတဲ့ကိစ္စတွေ ဒါမှမဟုတ် သူနားလည်မှှု လွဲနေတဲ့ကိစ္စတွေကို ကျနော်တို့က ထောက်ပြနိုင်လိမ့်မယ်လို့ ကျနော်တို့ အဲ့လိုမျှော်လင့်တယ်"
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို မလာခင်ရက်ပိုင်းအတွင်းမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက အမည်ပျက်စာရင်း တင်သွင်းလိုက်တဲ့ကိစ္စကို မေးမြန်းခွင့်ရရင်လည်း ထည့်သွင်းမေးမြန်းသွားမယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
အိုဘားမားဟာ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံနဲ့ အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေက လူငယ်ကိုယ်စားလှယ် ၂၀၀ ကျော်လောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တချို့ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။