ရိုဟင်ဂျာအရေး ဒေါ်လာ သန်းတစ်ရာကျော် အမေရိကန် ကူညီမည်
2024.09.25

ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း လက်ခံထားရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁၁၉ သန်းနီးပါး ထပ်တိုးကူညီသွားမဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့်ကိုယ်စားလှယ်များ သီးခြားအစည်းအဝေးတစ်ခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Uzra Zeya က အကူအညီသစ် ထပ်ပေးမဲ့အကြောင်း ပြောခဲ့တာပါ။
ဒီအကူအညီတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ကယ်ဆယ်နိုင်မှာဖြစ်ပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ နေရေး၊ ထိုင်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဖော်ပြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံကာကွယ်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း Uzra Zeya က ပြောပါတယ်။
ရိုဟင်ဂျာအရေးအတွက် ဒေသတွင်းနိုင်ငံတွေဆီက ပိုပြီးထောက်ပံ့ကူညီမှုတွေရရှိရေး အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထပ်မံဝင်ရောက်လာတာကြောင့် တောင်အာရှနိုင်ငံတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို တတိယနိုင်ငံတွေမှာ အမြန်ဆုံးနေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ကြောင်း The Straits Times သတင်းက စက်တင်ဘာ ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။