ရွေးကောက်ပွဲအလွန် ပိတ်ဆို့မှုတွေ ပြန်ရုပ်ရေး၊ စစ်တပ်အပေါ် မူတည်
2015.11.11

မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဌာနအဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က ချီးကျူးဂုဏ်ပြုလိုက်သလို၊ ရွေးကောက်ပွဲရလဒ်ကို မြန်မာ့တပ်မတော် က လက်ခံတာနဲ့အမျှ မြန်မာအပေါ်ကျန်ရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလျှော့ချလာနိုင်ဖွယ်ရှိတယ် လို့ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲကျင်းပပုံမှာ ချို့ယွင်းချက်တွေရှိပေမဲ့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ခြေ လှမ်းတစ်ရပ်အဖြစ် ကိုယ်စားပြုနေတယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလက်ခံမယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ပြောကြားခဲ့ကြသလို ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲရလဒ်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလက်ခံကြဖို့ တိုက်တွန်းခဲ့တဲ့အတွက် အားတက်ဝမ်းမြောက်ချီးကျူးမိကြောင်း၊ အစိုးရသစ်ဖွဲ့စည်းရေး၊ အမျိုးသားရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူးဆိုပေမဲ့၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ပြောဆိုခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အတူတကွ ပူးပေါင်းရပ်တည် သွားမယ်၊ ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်အောင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွေကို အသေအချာ အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းကလည်း မြန်မာ့ရွေးကောက် ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
တရုတ်နိုင်ငံကလည်း မြန်မာ့ရွေးကောက်ပွဲကို ကြိုဆိုကြောင်း၊ အကူအညီတွေ ဆက်ပေးသွား မှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အလားတူ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နဲ့ နိုင်ငံခြာေးရးဌာနတို့ကလည်း ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။