စစ်ကောင်စီရဲ့ "မြန်မာ့ကျောက်မျက်လုပ်ငန်း" ကို အမေရိကန် ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီရဲ့ "မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း" (Myanma Gems Enterprise) ကို အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ဒီနေ့ ထည့်သွင်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီရေး ဆန္ဒပြတောင်းဆိုသူတွေကို အကြမ်းဖက်ဖိနှိပ်တာ၊ ကလေးသူငယ်တွေ အပါအဝင် ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေအတွက် တာဝန်ရှိကြောင်း၊ စစ်ကောင်စီအတွက် ကျောက်မျက်ရတနာဟာ အရေးပါတဲ့ စီးပွားရေး အရင်းအမြစ်ဖြစ်တဲ့အတွက် Myanma Gems Enterprise ကို ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ဧပြီလ ၈ ရက် ဒီနေ့ထုတ်ပြန်လိုက်တာပါ။
ဒီပိတ်ဆို့အရေးယူမှုဟာ မြန်မာစစ်တပ်အတွက် ရန်ပုံငွေအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကတိကဝတ်တွေအရ ဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပိတ်ဆို့အရေးယူမှုအရ အမေရိကန်နိုင်ငံထဲမှာ (ဒါမှမဟုတ်) အမေရိကန်နိုင်ငံသားတစ်ဦးတစ်ယောက်ရဲ့ လက်ဝယ်မှာ ရှိနေတဲ့ "မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း" ရဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွား အားလုံးကို ကန့်သတ်တားဆီးလိုက်ပြီး OFAC ရုံးကို အစီရင်ခံရမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် တားဆီးခံထားရသူတစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသူတွေက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ (၅၀) ရာခိုင်နှုန်းနဲ့အထက် ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်း အားလုံးကိုလည်း ကန့်သတ်ပိတ်ဆို့လိုက်တယ်လို့ OFAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိဖို့၊ ဒီစံနှုန်းတွေကို ထိခိုက်လျော့ပါးအောင် လုပ်ဆောင်နေသူတွေကို အရေးယူနိုင်ဖို့အတွက် ဒေသတွင်းနဲ့ ကမ္ဘာတဝန်းက မိတ်ဖက်နိုင်ငံတွေနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန OFAC ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။