ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ် ရွေးချယ်မယ့်ကိစ္စ အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန်ပြော

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီကိုယ်စားလှယ်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဘယ်သူ့ကိုရွေးချယ်မလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက RFA ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စတင် ကျင်းပနေပြီဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီမှု ရထားတဲ့အကြောင်း Foreign Policy မဂ္ဂဇင်းက စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ် မေးမြန်းခဲ့တာပါ။
Foreign Policy မဂ္ဂဇင်းရဲ့ ရေးသားချက်နဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုတာ ဒါမှမဟုတ် ငြင်းဆိုတာမရှိပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖြစ် ဆက်လက်ထားရှိရေးကို အမေရိကန်က ထောက်ခံဖို့ရှိမရှိ RFA ရဲ့မေးခွန်းကိုတော့ … ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေကြောင်း၊ မြန်မာကိုယ်စားလှယ် ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အထွေထွေညီလာခံ ကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credentials Committee) အဖွဲ့ဝင်တွေနဲ့အတူ ဆောင်ရွက်သွားမယ့် အကြောင်း အီးမေးလ်နဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့က Foreign Policy မဂ္ဂဇင်းရဲ့ သတင်းဆောင်းပါးမှာ အာဏာသိမ်းစစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အထွေထွေညီလာခံ တက်ရောက်ခွင့်မရအောင် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်တို့အကြား သဘောတူညီချက် ရထားကြောင်း အမည်မဖော်လိုသူ သံတမန်တချို့ကို ကိုးကားဖော်ပြ ထားပါတယ်။ ဒီသဘောတူညီချက် ကို ဥရောပသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ရုရှားနိုင်ငံ တို့ကလည်း အလွတ်သဘော ထောက်ခံထားကြောင်း အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
မနေ့က စတင်ကျင်းပတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ (Credentials Committee) အဖွဲ့ဝင် ကိုးနိုင်ငံမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံစလုံး ပါဝင်တာ ဖြစ်ပါတယ်။ ကျန်တဲ့ခြောက်နိုင်ငံကတော့ ဘူတန်၊ ဘဟားမား၊ ချီလီ၊ ဆီယာလီယွန်၊ နမီးဘီးယား၊ ဆွီဒင်နိုင်ငံ ဖြစ်ပါတယ်။