ရှမ်းပြည်နယ်က အစိုးရတပ်ရဲ့ လုပ်ရပ်တွေကို စစ်ဆေးပေးဖို့ အမေရိကန်တောင်းဆို
2015.12.03

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေပြုမူခဲ့တယ် ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့ က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက တောင်းဆိုလိုက်တာပါ။
ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ၊ အစိုးရတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စာသင်ကျောင်းတွေနဲ့ စေတီပုထိုးတွေ ပျက်စီးခဲ့ရပြီး၊ ဒေသခံအရပ်သားတွေကို ပစ်ခတ်မှုတွေ၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ့အစီရင်ခံစာ မှာ အောက်တိုဘာ ၆ ရက်နေ့က ကျေးရွာ ၆ ရွာကို စစ်တပ်က ဗုံးကြဲမှု၊ အရပ်သားတွေကို ပစ်ခတ်ခဲ့ရာမှာ ၃ ဦး သေဆုံးပြီး၊ ၁၇ ဦး ပျောက်ဆုံးနေမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၈ မှု ပါဝင်ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။
အခုလို အစိုးရတပ်က အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေအပေါ် မခွဲခြားဘဲတိုက်ခိုက်တာ၊ မုဒိမ်းမှုနဲ့ တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်တာ စတဲ့သတင်းတွေကြောင့် အထူးစိုးရိမ်ကြောင်း၊ အဲဒီသတင်းတွေ မှန်ကန်တယ်ဆိုရင်၊ စစ်တပ်ရဲ့လုပ်ရပ်ဟာ ပြစ်တင်ရှုတ်ချထိုက်ကြောင်း၊ အစိုးရအနေနဲ့ ဒီကိစ္စတွေအပေါ် လွတ်လပ်ပြီး ယုံကြည်စိတ်ချနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Katina Adams က ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး၊ စစ်တပ်အနေနဲ့ ပဋိပက္ခဒေသတွေမှာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။