မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော
2021.12.14
အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး မြန်မာစစ်ကောင်စီကို ဖိအားပေးတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ မဆင်မခြင်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ တရားလက်လွတ် ဖမ်းဆီး ချုပ်နှောင် ခံထားရတဲ့သူတွေကို ပြန်လွှတ်ဖို့၊ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးတဲ့ကိစ္စမှာ ပိတ်ပင်တားဆီးမှုမရှိဘဲ ခွင့်ပြုဖို့၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့တွေအတွက် ဖြစ်တယ်လို့ သူကပြောပါတယ်။
အရှေ့တောင်အာရှကိုရောက်နေတဲ့ မစ္စတာဘလင်ကန်က အင်ဒိုနီးရှားနိုင်ငံမှာ ပြောလိုက်တာပါ။
အင်ဒို-ပစိဖိတ်ဒေသမှာ တိုးချဲ့လွှမ်းမိုးလာတဲ့ တရုတ်ကို သူ့နေရာသူပြန်နေအောင်ဆောင်ရွက်ဖို့ မဟာမိတ်တွေနဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတိုးချဲ့လုပ်ကိုင်သွားမယ်လို့ ဘလင်ကန် က ကတိပေးပြောဆိုလိုက်ပါတယ်။
အထူးသဖြင့် တရုတ်ရဲ့ခြိမ်းခြောက်မှုကို စိုးရိမ်နေရတဲ့ အာဆီယံအသင်းဝင်နိုင်ငံအများစုနဲ့လည်း ပိုပြီးအားကောင်းကောင်းနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။