ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး မပြတ်စောင့်ကြည့်ရန် အမေရိကန် ဆွေးနွေးမည်
2011.01.12

နယူးယောက်မြို့က မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဇန်နဝါရီ ၁၁ ရက် မနေ့က တနာရီကြာတွေ့ဆုံပွဲမှာ Joseph Crowley က ပြောလိုက်တာပါ။
မြန်မာပြည်မှာ နောက်ဆုံးဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အပါအဝင် နယ်စပ်မှာ ကရင်လက်နက်ကိုင် အဖွဲ့နဲ့ စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ ကိစ္စတွေပါ ဆွေးနွေးပြောဆိုခဲ့တယ်လို့ အစည်းအဝေးမှာ ပါဝင်သူတဦးဖြစ်တဲ့ Burma Point က ကိုမိုးချမ်းက ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ်ကို စိုးရိမ်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အဓိက တွေ့ရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီ လွှတ်တော်အမတ် ဂျိုးဆက် ခရော်လီ ကိုယ်နှိုက်ကလည်း မကြာသေးခင်ကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြုံတွေ့နေရတဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ သူက ပြောသွားတာ ရှိတယ်လေ။”
ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုဖြစ်တုန်းက အခြေအနေတွေကို ရှင်းပြခဲ့တယ် လို့ သိရပါတယ်။
ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph Crowley ဟာ မြန်မာ့အရေးကို ကာလကြာရှည် ထောက်ခံလာခဲ့သူ တဦးပါ။ သူရဲ့မွေးရပ် နယူးယောက်မြို့မှာလည်း မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံလေ့ ရှိပြီး စစ်အုပ်ချုပ်ရေးအောက်က မြန်မာပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပြသနေတဲ့ အမေရိကန်အမတ်တဦး ဖြစ်ပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ Burma Point က ကိုမိုးချမ်းကို RFA မှ မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။