ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
2012.05.12
ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ပြီး လူမှုရေးလုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို နိုင်ငံခြားရောက် မြန်မာတွေက ဝိုင်းဝန်းကူညီလိုတဲ့ ဆန္ဒနဲ့ အခုလို ရန်ပုံငွေရှာဖွေပွဲတွေကို ကျင်းပတာ ဖြစ်တယ်လို့ မနေ့က ဝါရှင်တန်ပြည်နယ် Seattle မြို့မှာ ကျင်းပတဲ့ပွဲကို စီစဉ်သူတစ်ဦးဖြစ်သူ ဒေါ်မိုနဟန် (Mona Han) က အခုလိုပြောပါတယ်။
" ဒီနေ့ပွဲမှာ ကျွန်မတို့ ပထမဦးဆုံး တစ်နာရီကတော့ ဈေးရောင်းပွဲ၊ ကျွန်မတို့ အရင်းရော အမြတ်တွေအားလုံးကို နာရေးကူညီမှုအသင်းကို ကူညီထောက်ပံ့ပေးဖို့ အကြံအစည်ရှိပါတယ်။ နောက် အမေရိကန် Seattle က အရမ်းကို မြန်မာပြည်အတွက်ကို Activist တွေ အရမ်းများတယ်။ ဗမာပြည်အတွက် အကူညီပေးတဲ့ seattle burma round table ဆိုတာလည်း ကျွန်မတို့ရဲ့ အဖွဲ့အစည်း၊ နောက်ဒီမြန်မာဘုန်းကြီးကျောင်း နှစ်ခု၊ အားလုံး မြန်မာနိုင်ငံသားတွေရော မြန်မာနိုင်ငံ လွတ်လပ်မှုကို ကြိုးပမ်းနေတဲ့ အမေရိကန် နိုင်ငံသားတွေရော ဖိတ်ပြီးတော့ ကျွန်မတို့ အင်္ဂလိပ်လိုနဲ့ မြန်မာလို ဒီအခမ်းအနားကို ပြိုင်တူလုပ်တာ ဖြစ်ပါတယ်"
Seattle မြို့မှာ ကျင်းပတဲ့ ရန်ပုံငွေ ရှာဖွေပွဲကို အနီးအနားက မြို့တွေဖြစ်တဲ့ Oregon နဲ့ ကနေဒါနိုင်ငံဘက်ခြမ်းက မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကူညီကြပါတယ်။
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် ငါးဦးအဖြစ် ကချင်လူငယ် လဖိုင်နော်မန်း၊ ရှေ့နေဦးဖိုးဖြူ၊ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၊ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ စာရေးဆရာမ သန်းမြင့်အောင် (နာရေးကူညီမှုအသင်း) တို့ ပါဝင်ကြောင်း ကြေညာထားပါတယ်။
ဆုပေးပွဲကိုတော့ မေလ (၂၇) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမှာပါ။ ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အမေရိကန် ပြည်ထောင်စုသာမက ဂျပန်၊ ကိုးရီးယားနိုင်ငံတွေရောက် မြန်မာတွေလည်း ပါဝင်လာကြပါတယ်။