စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု သမ္မတဘိုင်ဒင်ကြေညာ

နန္ဒာချမ်း
2021.02.10
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ စတင်လိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) ကိုယ်တိုင် ကြေညာလိုက်ပါတယ်။

အာဏာသိမ်းမှုကို အမိန့်ပေးညွှန်ကြားခဲ့တဲ့ စစ်ခေါင်းဆောင်တွေ၊ သူတို့စီးပွားရေးတွေနဲ့ ရင်းနှီးတဲ့ မိသားစုဝင်တွေအပေါ် ချက်ချင်းအရေးယူ ဒဏ်ခတ်နိုင်အောင် သမ္မတအမိန့်တရပ် ဒီကနေ့ပဲ အတည်ပြု ထုတ်ပြန်လိုက်ကြောင်း သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) အိမ်ဖြူတော်ကနေ ကြေညာလိုက်တာပါ။

ပထမဆုံးအသုတ် ဒဏ်ခတ်အရေးယူမယ့် စာရင်းကို ဒီသီတင်းပတ်အတွင်းမှာ ထုတ်ပြန်သွားမှာဖြစ်ပြီး ပြည်ပတင်ပို့မှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာ၊ စစ်အစိုးရ အကျိုးအမြတ်ရမယ့် ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ လုပ်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ လူထုအခြေပြုအဖွဲ့တွေနဲ့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးရှိစေမယ့် ကိစ္စတွေကိုတော့ ပိတ်ဆို့ဒဏ်ခတ်မှာ မဟုတ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကြီးထွားလာနေချိန်မှာပဲ ဒီမိုကရေစီ အခြေခံအခွင့်အရေးအရ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကိုလည်း လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာပြည်သူတွေအနေနဲ့ သူတို့သဘောထား ဆန္ဒတွေကို ထုတ်ဖော်ပြသနေတာဖြစ်ပြီး ဒါကိုလည်း ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း၊ မဟာမိတ်တွေနဲ့ အတူ နောက်ထပ် ပြင်းထန်တဲ့ အရေးယူမှုတွေကို ချမှတ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ထပ်မံတောင်းဆိုသွားပါတယ်။

အမေရိကန်မှာရှိနေတဲ့ မြန်မာအစိုးရရဲ့ နိုင်ငံပိုင် ဒေါ်လာ သန်း ၁ ထောင်ကို စစ်ခေါင်းဆောင်တွေ မတရားယူလို့မရအောင် တားဆီးပိတ်ပင်သွားမယ်လို့ ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။