မြန်မာ့အရေးစိုးရိမ်ကြောင်း နိုင်ငံတကာ ကြေညာချက်ထုတ်ပြန်

2021.11.26
မြန်မာ့အရေးစိုးရိမ်ကြောင်း နိုင်ငံတကာ ကြေညာချက်ထုတ်ပြန် မတ်လလယ်ပိုင်းက ရန်ကုန်မြို့တွင်းတွင် တွေ့ရသော စစ်ကောင်စီတပ်သားတချို့။
Photo: AFP

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ အနာဂတ်မှာ ဆက်လက်ဖြစ်ပေါ်နေမယ့် အလားအလာရှိနေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့ အခြား နိုင်ငံခြောက်နိုင်ငံ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ စစ်ကောင်စီ တပ်သားတွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာတွေအရ အနာဂတ်မှာလည်း အလားတူ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်နေမယ့် အလားအလာ ရှိနေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ကြေညာချက်ပါ နိုင်ငံ ၇ နိုင်ငံအနေနဲ့ အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက်တွေကို ထောက်ခံကြောင်း၊ စေ့စပ်ညှိနှိုင်းမှုကနေ တဆင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက် အာဆီယံအထူးသံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်နေတာကို ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းကြောင်းနဲ့ ပြည်ပနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို ကူညီထောက်ပံ့မှုအားလုံး ရပ်တန့်ဖို့ တောင်းဆိုကြောင်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အားလုံးကို တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။