ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မမေ့မလျော့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

RFA Burmese
2024.08.25
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မမေ့မလျော့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော ၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်တွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)။
Reuters

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သြဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တိုင်းရင်းသားတွေ၊ ဘာသာရေးတွေ၊ လူနည်းစုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုပြီးဆိုးရွားစေတယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ လူမျိုးတုံးသတ်ဖြတ်မှုက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေနဲ့ အတူရပ်တည်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာရှဒေသအတွင်း ရောက်ရှိနေသူတွေနဲ့လည်း အမေရိကန်အစိုးရ အတူတကွရှိနေကြောင်း၊ ဒီလူတွေရဲ့ ဘဝတွေ ရှင်သန်ရေးအတွက် ကူညီထောက်ပံ့ဖို့လည်း ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ နီးပါး လှူဒါန်းခဲ့ကြောင်းနဲ့ ရိုဟင်ဂျာတွေအပါအဝင် အရပ်သား ပြည်သူအားလုံးအပေါ် ကျူးလွန်ခဲ့တဲ့ လူမဆန်ရက်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းပြုစုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ဖြစ်ပေါ်ရေး မျှော်မှန်းချက်တွေကို အမေရိကန်အစိုးရက အခိုင်အမာ ထောက်ခံနေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။