မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ်ထားတွေကို လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

2012.05.17
wana-maung-lwin-hillary-clinton-b305 ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
AFP

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆက်ဆံရေး လမ်းပွင့်လာတာဟာ မြန်မာအစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အထောက်အကူပြုနိုင်ဖို့အတွက် အဓိက အရေးပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလို အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ မနေ့က ကျင်းပခဲ့ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တားမြစ်ထားတာကို ဆိုင်းငံ့လိုက်ပေမဲ့ ပြောင်းလဲတိုးတက်မှုတွေ နောက်ပြန်လှည့် လာတာမျိုးမရှိအောင် ပိတ်ဆို့မှုဥပဒေတွေကတော့ ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။

ဒါ့ပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေထဲက သင့်တော်တဲ့ အချက်တွေကို ဆက်ပြီးထိန်းထားအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပေမဲ့ အရပ်သားအုပ်ချုပ်ရေးစနစ် အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေးတာကြောင့် လက်နက်ရောင်းဝယ်တာတွေကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုးရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကိုလည်း ကျေနပ်အားရမိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။