အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမယ်
2012.03.08

မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စ Victoria Nuland က Derek Mitchell ဟာ မတ်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို သွားရောက်မှာဖြစ်ကြောင်း၊ နေပြည်တော်မှာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ပြင်ဆင်နေတဲ့ကိစ္စ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရောက်ရှိခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအလိုက် ပိတ်ဆို့မှုတွေ လျှော့ပေါ့သွားရေး မူဝါဒအရ အခြေအနေ စုံစမ်းရေး ကိစ္စတွေနဲ့ သွားမှာဖြစ်ကြောင်း၊ အဲဒီနောက် ရန်ကုန်နဲ့ မန္တလေးကို သွားရောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် ကိုယ်စားလှယ်လည်း ရှေ့တစ်ပတ်မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံမှာဖြစ်သလို နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့လည်း တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေ ဆွေးနွေးမှာဖြစ်ကြောင်း၊ အလားတူ အမေရိကန်အစိုးရ နိုင်ငံတကာ အလုပ်သမားရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘော့ဘရက် ရှေလာလည်း ရှေ့တစ်ပတ်ထဲမှာပဲ မြန်မာပြည်ကို သွားရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုအဆင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Victoria Nuland က ပြောဆိုခဲ့ပါတယ်။