ဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ဒုဝန်ကြီးကို တရားရုံးစစ်ဆေး
2014.08.06

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ၆ ကြိမ်မြောက်အဖြစ် ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ တရားရုံးမှာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဌေးကို စစ်ဆေးခဲ့တယ်လို့ ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။
"ပြစ်မှုကြီးအမှတ် ၄၁/၁၄၊ ၁၄ က ၄ဝ၉ အဲ့ဒီအမှုက ပြီးခဲ့တဲ့ရုံးချိန်းက စုံစမ်းစစ်ဆေးရေးမှူး ဦးညိုဝင်းကိုပဲ ဆက်စစ်လိုက်တယ်ပြီးသွားပြီ၊ ပြီးသွားတော့ ၁၂၄ (က)ပြစ်မှုကြီးအမှတ် ၄၂/၁၄ အဲဒီ့အမှုက ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဌေးလာတယ်၊ ဒီနေ့စစ်ဆေး မှုတွေပြီးသွားပြီပေါ့၊ နောက်ရုံးချိန်းက ၁၂ ရက်နေ့နဲ့ ၁၅ ရက်နေ့ပါ၊ ရမည်းသင်းအကျဉ်းထောင်က ကုသပေးတယ်လို့ဆိုတယ်၊ တရားသူကြီးက သူ့စီရင်ချက်ထဲမှာ ကြီးကြပ်ပြီးတော့ ကုသပေးတယ်လို့ ကြားသိရတယ်"
ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သူဟာ နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိဝေဒနာ ခံစားနေရတဲ့အတွက် ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်နေ့ ရုံးချိန်းတုန်းက တရားရုံးမှာ ကျန်းမာရေး အာမခံ လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးစဉ်က ပြစ်မှုပုဒ်မ ၄၀၉ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ ပုဒ်မ ၁၀၉ လှုံ့ဆော်ခြင်းကြောင့်ဖြစ်စေ ပူးပေါင်းကြံစည်ခြင်းကြောင့်ဖြစ်စေ အားပေးကူညီမှုတို့နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က တရားစွဲခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၂၂ရက်နေ့က ပုဒ်မ ၁၀၉ ကို ရုပ်သိမ်းလိုက်ပြီး ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဆိုပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။
ဦးဆန်းဆင့်ကို လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ထပ်မံရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။