မြန်မာအစိုးရကို ဖိအားပေးဖို့ USCB နှိုးဆော်
2011.05.24

အကျဉ်းထောင်အတွင်းက ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ပိုပြီး ဖိနှိပ်ချုပ်ချယ်မှာကို စိုးရိမ်ပူပန်တဲ့အတွက် ဒီအကျဉ်းသားတွေရဲ့ အရေးကို နိုင်ငံတကာက ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးကြဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း USCB ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။
“ဒီအင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အခုလိုမျိုး အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်နေကြပြီ။ သူတို့ တောင်းဆိုတာကလည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်တယ်။ ဒီပေါ်မှာ နိုင်ငံတကာ အစိုးရတွေကနေပြီးတော့ မျက်ခြေမပြတ် စောင့်ကြည့်ပြီး မြန်မာစစ်အစိုးရအပေါ်မှာ မတရားမှုတွေ ဆက်ပြီး မကျူးလွန်ဖို့ ဝိုင်းဝန်း ဖိအားပေးဖို့ ကျွန်တော်တို့ တောင်းဆိုသွားတာ။ အဲဒီ တောင်းဆိုတာကိုလည်း ဒီကနေ့ပဲ အမေရိကန် အစိုးရကိုရော၊ ဒီ နိုင်ငံတကာ အစိုးရတွေကိုရော၊ ကုလသမဂ္ဂ အဖွဲ့အစည်း အားလုံးကိုပါ ကျွန်တော်တို့ ပေးပို့ပါတယ်။”
အင်းစိန်အကျဉ်းထောင်တွင်းက အကျဉ်းသား သံဃာ ၃ ပါးနဲ့ အမျိုးသမီး ၇ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်က အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး မေလ ၁၇ ရက်နေ့က စတင် ဆန္ဒပြခဲ့ကြပါတယ်။
ထောင်ကကျွေးတဲ့ အစားအစာတွေကို သတ်မှတ်ချက်အတိုင်း ပြည့်ပြည့်စုံစုံ ကျွေးဖို့ ၊ လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ အဝတ်အစား၊ စောင်၊ အိပ်ယာခင်းတွေကို ၆ လ တကြိမ် လဲလှယ်ပေးဖို့ ၊ အခန်းကျဉ်းအတွင်း သတ်မှတ်ဦးရေထက် ပိုပြီးမထားဖို့နဲ့ ကြွက်၊ ခြင်၊ ယင် စတဲ့ ပိုးမွှားတွေ ရှင်းလင်းပေးဖို့၊ တခြား အကျဉ်းသားတွေနဲ့ နည်းတူ လျှော့ရက် ခံစားခွင့်နဲ့ စာရေးစာဖတ်ခွင့် ပေးဖို့၊ ထောင်ဝင်စာ လွတ်လွတ်လပ်လပ် တွေ့ခွင့်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ သီးသန့်ခွဲထားဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေကြတာကို နိုင်ငံတကာက စာနာနားလည်ပြီး အကူအညီတွေ ပေးကြဖို့ တောင်းဆိုရတာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး USCB ဒါရိုက်တာ ဦးအောင်ဒင်နဲ့ RFA မှ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |