ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံထဲမှာတင် ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်

သီဟထွန်း
2020.02.11

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဝန်းကျင်ကစပြီး ဓာတ်ခွဲစစ်ဆးနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောကြားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  ဒေါက်တာမြင့်ထွေးက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

"ဘန်ကောက်မှာ အခြေစိုက်တဲ့ Asia Pacific ရဲ့ အကြီးအကဲ ကိုယ်တိုင်လာပြီးတော့ ကျနော်တို့ရဲ့ ကျနော်တို့ဌာန က တာဝန်ရှိသူတွေကို သင်တန်းပေးမယ်၊ လုပ်မယ်ဆိုလို့ရှိရင် ကျနော်ထင်တာကတော့ ၁၉၊ ၂၀၊ ၂၁ လောက်မှာ ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံမှာ ဒီရောဂါ ဟုတ် မဟုတ်ဆိုတာကို စမ်းသပ်လို့ ရဖို့ရှိပါတယ်။ ဒီနေရာမှာလည်း ကျနော်တို့ နောက်မကျပါဘူး။ ကျနော်တို့ အမျိုးသား ဓာတ်ခွဲမှာရှိတဲ့ ဒုညွှန်ချုပ်ကအစ ညွှန်ကြားရေးမှူးတွေက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဒီစင်တာတွေနဲ့ အွန်လိုင်း Web တွေက ဆက်သွယ်တယ်၊ Skype နဲ့ ဆက်သွယ်တယ်။ အကုန်လုံးပေါ့၊ နောက်ဆုံးဖြစ်ပေါ်တဲ့ အခြေအနေကို နောက်မကျအောင် အမြဲလုပ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ လည်း ရဖို့လုပ်နေပါတယ်"


ရန်ကုန်တိုင်း ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက “ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး” နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးဖို့ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ဖြန်မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နဲ့အတူ၊ ထိုင်းနဲ့ အမေရိကန် ကျန်းမာရေး ဌာနတွေဆီကလည်း ရောဂါတားဆီးရေးနဲ့ ပတ်သက်ပြီး အကူအညီတွေရဖို့ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အခြေစိုက်တဲ့ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ဌာန အာရှပစိဖိတ်ဆိုင်ရာ USCDC က Asia Pacific အကြီးအကဲကိုယ်တိုင် ဓာတ်ခွဲခန်းပစ္စည်းတွေကို အသုံးပြု နည်းကို လာရောက်သင်ကြားပေးမှာဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

လွှတ်တော်မှာ ဒီနေ့မေးခွန်းမေးမြန်းခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက ဝန်ကြီးရဲ့ အဖြေနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပြောပါတယ်။  မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးနိုင်မယ်ဆိုရင် ရောဂါမပြန့်ပွားရေးကို ထိထိရောက်ရောက် ပိုပြီးဆောင်ရွက်နိုင်မယ် လို့ ပြောပါတယ်။

"ဒီကိစ္စက ကြိုဆိုရမှာလေ။ ဒီဓာတ်ခွဲခန်းကြီးလုပ်ဖို့ကလည်း တတ်နိုင်သမျှ ကျနော်တို့နိုင်ငံက လုပ်တဲ့အခါ ဂုဏ်တောင်ယူရမှာပေါ့ဗျာ။ ဒါကို စစ်နိုင်တယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက် ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သံသယလူနာတွေကို တွေ့တာနဲ့ ချက်ချင်းစစ်မယ်။ အဲဒါဆိုရင် ထိထိရောက်ရောက်လုပ်နိုင်မယ်။ ဒီလိုလူနာတွေ ကို မြန်မာပြည်မှာ တွေ့သွားပြီဆိုရင်လည်း အရမ်းကြောက်ဖို့မလိုဘူး။ အရေးကြီးတာကတော့ ဖြစ်နေတဲ့လူကို ၁၄ ရက်၊ ရောဂါပျိုးချိန်ပေါ့  ခုသတ်မှတ်ထားတာပေါ့နော်၊ ခုလည်းသိရတယ်၊ သူ့ကို ၁၄ ရက်အတွင်းမှာ သံသယရှိတဲ့ လူနာကို၊ ခုန Positive ဖြစ်တဲ့ လူနာကို သူတို့ကို သီးခြားခွဲပြီးတော့ လုပ်ထားဖို့က အရေးအကြီးဆုံးပဲ"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အမှန်တကယ် ကူးစက်ခံထားရသူကို လက်ရှိအချိန်အချိန်အထိ မတွေ့ရသေး ပေမယ့် အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်ပြင်မှုတွေကို ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေး က ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ကို လေကြောင်းလိုင်းကလာတဲ့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ပိတ်ပင်ထားတဲ့ အတွက် ဝင်ရောက်မှု သိသိသာသာလျော့နည်းသွားပြီး နေ့စဉ် ၂၀ဝ ကျော်ဝန်းကျင်သာ ဝင်ရောက်လာတာရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ နယ်စပ်ဒေသတွေကနေ ကုန်းလမ်းကတဆင့် ဝင်ရောက်လာသူတွေကို သောင်းနဲ့ချီပြီးရှိနိုင်တဲ့အတွက် စိုးရိမ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပေါင်းစပ်ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ နေရာ ၁၅ ခုပဲရှိသေးပြီး ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ အန္ဒိယ၊ စင်ကာပူ၊ ပြင်သစ်၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာဖြစ်တယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၁၆ ဦး ရှိလာပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ဦးအပါအဝင် လူနာ ၂၀ ဦးကို ဆေးရုံအသီးသီးမှာ စောင့်ကြပ်ကုသပေးနေတယ်လို့ သိရပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိရင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန က ဓာတ်ခွဲနမူနာရယူပြီး ထိုင်းနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြုဌာနကို ပေးပို့နေရတာ ဖြစ်ပါတယ်။ အဲဒီလို ပေးပို့နေရတဲ့အတွက် ဆေးစစ်ချက်အဖြေပြန်လည်ရရှိဖို့ နှစ်ရက်ခန့်ကြာမြင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။