မတရား အနိုင်ကျင့်မှု တိုင်တန်းသူကို ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးက ခြိမ်းခြောက်
2011.05.14

သုံးဆယ်မြို့အပိုင် ဇီးပွဲကျေးရွာရှိ ဘိုးစဉ်ဘောင်ဆက်က တောင်သူ ၂ဝ လောက် စိုက်ပျိုးလုပ်ကိုင်လာတဲ့ ဦးပိုင်ပေါက် ကိုင်းမြေ ဧက သုံးရာခန့်အပေါ်မှာ၊ မိုးအကျ ပေါ်ပေါက်လာတဲ့ ယာယီ လယ်ကြားအင်းကို လုပ်ကိုင်ခွင့်ရသူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးရဲဒင်က တမံတုတ် ပိတ်ဆို့တာကို တိုင်ကြားခဲ့တဲ့အတွက့်အခုလို ခြိမ်းခြောက်ခံရတာဖြစ်ကြောင်း သာယာဝတီ ဒေသခံတဦးက ပြောပြပါတယ်။
“သုံးဆယ်မြို့က ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး သီဟသုဓမ္မ ဦးရဲတင် ဆိုတာ အင်းလုပ်ငန်းတွေ လုပ်တယ်ပေါ့။ သူက ကိုင်းတွေကို စက်ယန္တယားကြီးတွေနဲ့ ကန်ဘောင်အမြင့်ကြီးတွေ လုပ်လိုက်တော့ လယ်သမားတွေ စိုက်ပျိုးရေး လုပ်လို့ မရတော့တာ ၂ နှစ်ရှိပြီ။ ဒီနေ့ လယ်သမားတွေက သက်ဆိုင်ရာကို တိုင်တယ်။ တိုင်တော့လည်း အာဏာပိုင် အဖွဲ့အစည်းတွေက အရေးမယူဘူး။ အဲဒီတော့ ဦးရဲဒင်က ဘာတဆင့် တိုးလုပ်လဲဆိုတော့ ရဲတပ်ဖွဲ့ဝင်တွေ ခေါ်သွားပြီး သေနတ်တွေဖောက်တယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ခြိမ်းခြောက်တယ်”
ဧပြီလ ၁ဝ ရက်နေ့က တကြိမ်၊ မေလ ၉ ရက်နေ့က တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ခြိမ်းခြောက်ခဲ့ရာမှာ ဇီးပွဲ ရွာခံတဦးကလည်း သူ့အတွေ့အကြုံကို ခုလိုရှင်းပြပါတယ်။
“သူက ရဲတွေခေါ်ပြီး ရွာဘေးမှာ သေနတ်တွေဖောက်တယ်။ ရဲ လေးငါးယောက် ပါတယ်။ တိုင်တဲ့ကောင် ငါနဲ့ တွေ့မယ်- ငါ့ဘာကောင် ထင်လို့လဲ ပစ်သတ်ပစ်မယ် ဆိုပြီးတော့ သေနတ်ဖောက်တယ်။ ညနေ ၆ နာရီလောက်ကတည်းက ရွာပတ်လည်မှာ ကြိမ်းနေတာ။ ရွာအတွင်းထဲတော့ မဝင်ဘူး၊ ရွာဘေးနားက သူတို့ အလုပ်လုပ်တဲ့နေရာတွေ အနားမှာ”