NLD ပါတီကို USDP အပါအဝင် ၁၂ ပါတီက ကန့်ကွက်စာတင်မည်


2017.04.08
dassk-speech-620.jpg အစိုးရသစ် တစ်နှစ်ပြည့်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office

ကြားဖြတ်ရွေးကောက်ပွဲနေ့ မတိုင်ခင်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ NLD ပါတီ ခေါင်းဆောင်တွေရဲ့ ပြောကြား ချက်တွေကို ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်သွားမယ်လို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ (၁၂) ခုက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကို ပါတီတွေအချင်းချင်း ညှိနှိုင်းမှာဖြစ် တယ်လို့ သဘောထားထုတ်ပြန်ရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောပါတယ်။

"ဒီကြားထဲမှာ သြင်္ကန်မတိုင်ခင်မှာ ညှိနှိုင်းဖို့တော့ ကျနော်တို့  ကြိုးစားနေပါတယ်။ သြင်္ကန်မတိုင်ခင်မှာ ညှိနှိုင်းလို့ ရလို့ရှိရင်လည်း  ညှိနှိုင်းပြီး ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်ရက်၊ ဘယ်ရက်မှာတော့ ဘယ်ပါတီတွေ  စုပေါင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့  ကန့်ကွက်စာပေါ့ ဗျာ။ ကျနော်တို့က ဥပဒေအရ ဆောင်ရွက်ဖို့ လုပ်မယ်ဆိုတာ  ကျနော်တို့က ထုတ်ပြန်ပေးမှာပါ"

သဘောထားထုတ်ပြန်ရာမှာ ပါဝင်တဲ့ နိုင်ငံရေး ပါတီတွေအနေနဲ့ သြင်္ကန်ကာလပြီးချိန်လောက်မှာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာတင်နိုင်မှာဖြစ်တယ်လို့ ဦးနေမင်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မတ်လ (၃၀) ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမှာ ပြောကြားချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ချိုးဖောက်ပြီး ပြည်သူတွေကို မဲဆွယ်စည်းရုံးတာ ဖြစ်တယ်လို့ ပါတီ ၁၂ ခုရဲဲ့ သဘော ထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်အလိုဖြစ်တဲ့ မတ်လ ၃၁ ရက်နေ့မှာ အစိုးရ တစ်နှစ်တာသက်တမ်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် တို့က နိုင်ငံပိုင် မီဒီယာတွေကတဆင့် သုံးသပ်ပြောကြားခဲ့ရာ အဲဒီပြောကြားချက်တွေဟာ လည်း နိုင်ငံရေး ပါတီကျင့်ဝတ်နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်တယ် လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။