ရွေးကောက်ပွဲအပြီး အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမယ် လို့ ပြည်ခိုင်ဖြိုးပါတီ ပြော
2015.09.28

လာမယ့်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သက်တမ်း ၅နှစ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၉ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးတင်နိုင်သိန်းက ပြောခဲ့တာဖြစ်ပါတယ်။
"လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ဖက်ဒရယ်မူအတွက်ကို လိုအပ်မယ့် ဥပဒေအချက်အလက်တွေကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးအတွက် လိုအပ်မယ့် ဥပဒေအချက်အလက်တွေ ဖြည့်စွက်ပြင်ဆင် သွားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လာမယ့် ၅ နှစ်အတွင်းမှာ ပြင်ဆင်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းမျိုးစုံ အစိုးရ၊ ပြည်သူအားလုံးနဲ့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်"
ဒါ့အပြင် သမ္မတဦးသိန်းစိန်လက်ထက် ၅ နှစ်တာကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေဟာ အားရစရာမရှိဘူးဆိုပြီး ပြောဆိုဝေဖန်နေကြတာဟာ လက်တွေ့မကျကြောင်းနဲ့ အစိုးရသက်တမ်းအတွင်း မှာ ကျေးလက်ဒေသတွေမှာ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေ ကိုင်ဆောင်သုံးစွဲနေကြပြီဖြစ်ကြောင်းလည်း လက်ရှိအစိုးရရဲ့ အောင်မြင်မှုအဖြစ် ပြောခဲ့ပါတယ်။
နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်က မဲဆန္ဒနယ် ၁၀ခုမှာ ပြည်ခိုင်ဖြိုးပါတီကနေ အငြိမ်းစားဗိုလ်ချုပ် ကြီးဟောင်း ဦးလှဌေးဝင်း၊ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဦးမောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် စတဲ့ ထိပ်တန်းအစိုးရနဲ့ တပ်မတော်ဘက်က ကူးပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်မှာ ကျင်းပခဲ့တာဖြစ်ပြီး လူ ၃၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။