အရှုံးရလဒ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လက်ခံ


2015.11.09
shwemann-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နိုဝင်ဘာလ ၈ ရက်နေ့က ဖြူးမြို့နယ်မှာ မဲပေးဖို့ တန်းစီနေစဉ်
Photo: Zar Ni Tun/ RFA

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလဒ်ကို လက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး က သူ့အနေနဲ့ ရွေးကောက်ပွဲရလာဒ်ကို လက်ခံကြောင်း အခုလို ပြောပါတယ်။

"ဟင်္သာတခရိုင်ထဲမှာတော့ နေရာအားလုံးနီးပါးရှုံးတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်းပဲ တချို့နေရာတွေတော့ နိုင်ပါတယ်၊ ပြည်နယ်တိုင်းတွေမှာ ကျနော်တို့နိုင်တယ်၊ တချို့နေရာတွေတော့ရှုံးတယ်၊ ရာခိုင်နှုန်းများတယ်၊ လက်ရှိအနေအထားကလည်း ကျနော်တို့တရားဝင်မသိသေးဘူး၊ သို့သော်လည်း လက်ခံရမှာပေါ့၊ သို့သော်လည်း တိုင်ကြားချက်ကတော့ရှိရင်ရှိမှာပေါ့၊ တချို့နေရာတွေမှာ ကျနော်တို့တွေ့ထားတာနဲ့ ပတ်သက်လို့ နစ်နာစေချင်တဲ့သဘောနဲ့ စာရင် ဒီလိုပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အပြစ်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးရအောင်တော့ ကျနော်တို့ အသိပေးမယ်"

လက်ရှိထွက်ပေါ်နေတဲ့ ရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာချက်တွေ မဟုတ်သေးပေမဲ့ ကနဦး ရရှိတဲ့ အချက် အလက်တွေအရ သိရှိရတာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကလည်း ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

သူရဦးရွှေမန်းဟာ သူ့ရဲ့ဇာတိဖြူးမြို့နယ်ကနေ ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှ၊ အုတ်ဖို၊ ပေါင်းတည်ကနေ ပြည်အထိ အန်အယ်လ်ဒီက နေရာအများစု အနိုင်ရခဲ့ပြီး၊ ဇီးကုန်းမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် အနိုင်ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ ကြိုတင်မဲနဲ့ ရှေ့ကပြေးနေတယ်လို့သိရပါတယ်။ မဲရေတွက်နေဆဲ ဖြစ်တဲ့အတွက် မသဲကွဲတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်တဲ့ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းဟာ အန်အယ်လ်ဒီ ကိုယ်စား လှယ်လောင်း ဒေါ်ခင်စန်းလှိှုင်ကို ရှုံးနိမ့်သွားပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်တဲ့ ကမ်းရိုးတန်း တိုင်းမှူးဟောင်း ဦးခင်ဇော်ဦးဟာ ပြိုင်ဘက် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဟိန်း ကို ရှုံးနိမ့်သွားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက မြို့နယ်အတော်များများမှာတော့ မဲရေတွက်နေ ဆဲဖြစ်ပြီး ကနဦးရလာဒ် အဆင့် မထွက်လာသေးပါဘူး။

မဲရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်မှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲ ရလာဒ်တွေကို ဒီကနေ့ စတင် ကြေညာလိုက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ ကိုလည်း ပြောခဲ့ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် နဲ့ ကိုမျိုးသန့်ခိုင်တို့ ပေးပို့ထားပြီး ကိုကျော်သူ က တင်ပြထားပါတယ်။

ရန်ကုန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သတင်းအချက် အလက်ဌာနမှာ သတင်းယူဖို့ရောက်ရှိနေတဲ့ RFA အဖွဲ့သူ မသင်းသီရိကို လွန်ခဲ့တဲ့ မိနစ်ပိုင်း ကပဲ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲွဥက္ကဌ ဦးဌေးဦးက သူတို့ပါတီက နေရာအများစု ရှုံးနိမ့်ကြောင်း ပြောဆိုခဲ့သလို၊ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကလည်း ရွေးကောက်ပွဲ အနိုင်ရသူ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို ဂုဏ်ပြု ကြောင်း ပြောကြားခဲ့ပါတယ်။

ဦးသန်းညွန့်ကို အာအက်ဖ်အေ သတင်းထောက် မဇာဏီထွန်းက တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။