မဲဆွယ်ရာမှာ ငွေကြေးထောက်ပံ့မှု မရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စား လှယ်လောင်းပြော
2015.10.07

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးတဲ့ အခါ ဒေသခံတွေကို ငွေကြေးနဲ့ တခြားပစ္စည်းထောက်ပံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေဟာ မဟုတ် မှန်ဘူးလို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမြင့်ထွန်းက ပြောပါတယ်။
ပေါင်မြို့နယ် နတ်ကြီးချောင်းကျေးရွာ ဘောလုံးကွင်းမှာ မဲဆွယ်ဟောပြောပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမင်းမြင့်ထွန်းက သတင်း မီဒီယာသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေသခံတွေကို ထောက်ပံ့တာတွေ ကျနော်တို့မရှိပါဘူး၊ ကျနော်တို့ အသင်းပါတီဆိုတာ နဂိုတည်းကလူမှုရေး လုပ်ငန်းတွေကို ရပ်ရွာလုပ်ငန်းတွေမှာ ပူးပေါင်းပြီးတော့ ပြည်သူတွေ နဲ့ ဆောင်ရွက်နေတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကို မကောင်းပြောချင်တဲ့ လူလည်းရှိတယ်၊ အကောင်းပြောချင်တဲ့လူလည်းရှိတယ်၊ ကျနော်တို့ကတော့ စိတ်ကောင်းစေတနာတစ်ခုနဲ့ ကျနော်တို့အလုပ်ကို ကျနော်တို့လုပ်နေမှာပါ"
ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပေါင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမင်းမြင့်ထွန်း၊ ဦးဇော်ဝင်း၊ ဦးသန့်ဇင်နဲ့ ဦးအောင်ကျော်တို့ လေးဦးက ပါတီဝင်တွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးခဲ့တာ ဖြစ် ပါတယ်။
မဲဆွယ်ပွဲကို ပေါင်မြို့နယ်မှာရှိတဲ့ ကဒုံစီး၊ ကဒါ၊ မိုးနိုင်၊ ပေါင်း စတဲ့ ရပ်ကွက်နဲ့ ကျေးရွာ ၅၀ ကျော်က ပြည်ခိုင်ဖြိုး ပါတီဝင်တွေနဲ့ ဒေသခံ ၁၅ဝဝ ကျော် တက်ရောက် ခဲ့ကြပါတယ်။
မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁ ဒသမ ၄သန်းရှိပြီး ပေါင်မြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော် ရှိပါတယ်။
ပေါင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ၈၈ ကျောင်းသားလူငယ်များ ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေး ပါတီ စတဲ့ ပါတီ ၉ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။