ရွေးကောက်ပွဲ ရလဒ် ကန့်ကွက်လွှာတင်ဖို့ USDP ပါတီ ပြင်ဆင်
2020.11.17
ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တာကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက်ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို တိုင်ကြားသွားမယ်လို့ မန္တလေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကို တိုင်ထားတဲ့ ဖြစ်ရပ်ပေါင်း ၅၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရဲစခန်းကို တိုက်ရိုက်တိုင်ထားတဲ့ အမှုက ၈၀ ကျော်တယ်လို့သိရပါတယ်။
ဒီဖြစ်ရပ်တွေကို တိုင်ဖို့ခက်နေတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ အားကိုးရာမဲ့နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေတဆင့် ရုပ်သံနဲ့ ပြောတဲ့ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ် တစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်ချက်ထဲမှာ ပြောထားပါတယ်။
“တရားမဲ့ပြုကျင့်မှုတွေဖြစ်လို့ တိုင်ကြတဲ့အခါ ဒါတွေကို စစ်ဖို့ ပုံစံတွေတောင်းတဲ့အခါ အခုထိမရသေးတာတွေ ရှိတယ်။ ဒါတွေကို ဘယ်ကိုတိုင်ကြားရမလဲ၊ ဘယ်သူ့ကိုအားကိုးရမလဲ၊ UEC ကို အားကိုးရမလား၊ မြို့နယ် မရရင် ခရိုင်ကို အားကိုးရမလား၊ အားကိုးရာမဲ့သလိုဖြစ်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ စားရင်းဇယားမှန်ကန်ဖို့အတွက် ဘယ်သူ့ကိုအားရမှန်း မသိဘူးဖြစ်နေတယ်။ ဒါတွေက ဒီကနေ့ တကယ် ဖြစ်နေတဲ့ ဖြစ်ရပ်တွေပါ"
အရင်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် စောင့်ကြည့်လေ့လာခွင့်ပြုတဲ့ အချက် ၁၄ ချက်ရှိပြီး အဲဒီထဲမှာ လက်ရှိရွေးကောက်ပွဲကော်မရှင်က လေးချက်ကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။
အဲဒီလေးချက်ကတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြား ချက်တွေကို စောင့်ကြည့်လေ့လာခွင့်မရတာ၊ မဲဆန္ဒရှင်စာရင်းအချက်အလက်တွေ စောင့်ကြည့်ခွင့်မရတာ၊ မဲလက်မှတ် ရိုက်နှိပ်တာ စောင့်ကြည့်ခွင့် မပြုတော့တာ၊ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာ အမှုတွေ စစ်ဆေးတာ၊ ဆုံးဖြတ်တာတွေမှာ စောင့်ကြည့်လေ့လာခွင့်မပေးတာတို့ပဲ ဖြစ်ပါတယ်။
ဒီလိုပယ်ဖျက်လိုက်တာကြောင့် ရွေးကောက်ပွဲရဲ့ရလဒ်ဟာ စိတ်ကြိုက်ဖန်တီးနိုင်ခွင့်ရသွားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် က စွပ်စွဲလိုက်ပါတယ်။
“ဒီလိုပယ်ဖျက်ခဲ့တဲ့ အကျိုးဆက်ကြောင့် ယခု ၂၀၂၀ ရွေးကောက်ပွဲရဲ့ ကန့်ကွက်တိုင်ကြားမှုများအပေါ်မှာ ကော်မရှင်က ဘက်လိုက်ဆုံးဖြတ်မှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သံသယရှိနေပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်ခွင့်မပေးခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဓိကအချက်ကြီး လေးချက် ကို အခြေခံပြီး ရွေးကောက်ပွဲရဲ့ရလဒ်ကို စိတ်ကြိုက်ဖန်တီးနိုင်ခွင့်ရသွားတယ်ဆိုတာ ထင်ရှားနေပြီဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတဝှမ်းလုံးမှာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနဲ့ ကန့်ကွက်မှုများ ပြဿနာ ပေါင်းများစွာ ပေါ်ပေါက်လျက်ရှိပါတယ်။”
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၇ ရက်အတွင်းဖွဲ့ပေးဖို့နဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ဆိုကာ နိုင်ငံရေးပါတီ ၁၆ ပါတီ လက်မှတ် ထိုးပြီး အခုလ ၁၁ ရက် နေ့က တောင်းဆိုထားပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးအဖြေရှာပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ကော်မတီဝင် ဦးမျိုးမြင့်ကပြောပါတယ်။
“ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့ လျှောက်လှမ်းသွားချင်ပါတယ်။ မမှန်မကန်၊ မမျှမတ ဘောင်ကျော်လုပ်ရင်တော့ ဥပဒေနဲ့အညီဆောင်ရွက်ပေးပါလို့ သဘောထားကြေညာချက်မှာ ရေးထားတာဖြစ်ပါတယ်"
အခုလို ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်လို့ လက်မခံနိုင်တဲ့အတွက် ဘယ်လောက်ထိ ဆောင်ရွက်သွားဖို့ ရှိလည်းလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦး ကို RFA ကမေးတဲ့အခါ လာမယ့် ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောမယ်လို့ ပြန်လည်ဖြေဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလဲ ဒီနေ့ညနေထိ ပြန်လည်ဖြေဆိုမယ့်သူ မရှိပါဘူး။
အခုလိုကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဆောင်ရွက်ပုံလွဲမှားနေတယ်လို့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးရဲထွဋ်က ဝေဖန်လိုက်ပါတယ်။
“ချဉ်းကပ်ပုံ ချဉ်းကပ်နည်းလွဲနေတယ်လို့ မြင်တယ်။ နံပါတ်တစ်က ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို လက်မခံ နိုင်ဘူးဆိုတာက မဖြစ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ကျန်တဲ့အနိုင်ရ တခြားပါတီတွေ ဥပမာ SNLD တို့လို့ ပါတီတွေ နိုင်ထားတဲ့နေရာတွေလည်း ရှိတာကိုး။ အဲဒါကြောင့် ရွေးကောက်ပွဲရလဒ် တစ်ခုလုံးကို ပစ်ပယ်တာ က မှားတယ်။ သူတို့အနေနဲ့ လုပ်သင့်တာက မဲဆန္ဒနယ်တစ်ခုချင်းမှာ တရားမမျှတဘူးလို့ထင်ရင် အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းကို ကန့်ကွက်လွှာတင်သွင်းဖို့ပဲရှိတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ရပ်ကို ကန့်ကွက်တာနဲ့ သူတို့ရှုံးထားတဲ့နေရာတွေ ပြန်ရမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် သူတို့လုပ်တဲ့ နည်းလမ်းလွဲနေတယ်လို့ ကျနော်ထင်တယ်။”
အခုရက်ပိုင်းမှာဆိုရင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက NLD အနိုင်ရတာကို ကြိုဆိုနေကြပါတယ်။
အခုလို နိုင်ငံတကာက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတကြောင်း ပြောဆိုနေချိန်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ နဲ့ ထောက်ခံသူတွေက လက်မခံနိုင်ကြောင်းပြောနေတာဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိအောင် လုပ်သလို ဖြစ်နေတယ်လို့ အာဏာရ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုထားပါတယ်။
အခုဆိုရင် ရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်ကြမယ့်အထဲမှာ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တွေကလည်း စီစဉ်နေတယ်လို့ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။
“ဖြစ်စဉ်တွေနဲ့ တူညီတဲ့ဖြစ်စဉ်မျိုးကို ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေ၊ ကြားဖြတ်တွေတုန်း ဒီကော်မရှင်ကပဲ ဆုံဖြတ်ပေးခဲ့တာပါ။ အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေကပဲ ဆုံဖြတ်ပေးခဲ့တာပါ။ ဒီဖြစ်စဉ်ကိုပဲ နောက်တစ်ကြိမ်ပြန်ပြီး ဆုံးဖြတ်ပေးရမှာပါ။ ဒါသူ့ရဲ့ မှန်ကန်မျှတမှုနဲ့ ဂုဏ်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေးအရ ကိုယ်ကျင့်တရာနဲ့ မူတည်နေမှာပေါ့။ ဘယ်လောက်ပဲ မူတည်နေနေ မမှန်မကန်ဆိုရင် လက်မခံနိုင်ဘူး။”
မန္တလေးတိုင်းအတွင်း ကန့်ကွက်လွှာတင်ဖို့ စီစဉ်နေတဲ့ မြို့နယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့တဲ့ မြို့တွေဖြစ်ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားတာဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှု အများဆုံး ပါတီဖြစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ၂၆ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၇ နေရာနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ ၃၈ နေရာအနိုင်ရတယ်လို့ ကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။