ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း လို့ သုံးစွဲမှု USDP ဝေဖန်
2016.06.23

ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအဝိုင်းဆိုတဲ့ အသုံးအနှုန်းကို အစိုးရအနေနဲ့ ဒေသခံတွေနဲ့ နိုင်ငံရေးပါတီတွေ ရဲ့ သဘောထားရယူပြီးမှသာ သုံးနှုန်းသင့်တယ်လို့ ဒီနေ့ ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုလ ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာ အစိုးရ ကိုယ်စားလှယ်က လူမှုအသိုင်းအဝိုင်းနှစ်ဖက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့အတွက် ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းလို့ သုံးနှုန်းဖို့ အကြံပြုတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်မှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘင်္ဂါလီ လို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး အစိုးရအနေ နဲ့ ပြဿနာကိုဖြေရှင်းရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၆၄ နဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်တယ် လို့လည်း တိုက်တွန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးအတွက် ဘာသာသာသနာကို အလွဲသုံးစားမလုပ်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကြောင့် တစ်ဘက်နဲ့တစ်ဘက် မုန်းတီးရန်မူတာတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်တဲ့ အပြုအမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပြီး အဲ့ဒီလိုလုပ်ရပ်တွေကို အရေးယူနိုင်ဖို့အတွက် ဥပဒေပြ ဌာန်းနိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးနွယ်စု ၁၃၅ မျိုးမှာ ရိုဟင်ဂျာ မပါဝင်ကြောင်းနဲ့ ဒေသခံတိုင်းရင်းသားတွေက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကြောင့် အစိုးရကလည်း လက်မခံကြောင်း အတိအလင်း ထုတ်ပြန်ခဲ့တယ်လို့ ကြေညာချက် မှာ ရေးသားထားပါတယ်။
ကြေညာချက်နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးခင်ရီ၊ ဦးပိုက်ထွေး၊ ဒေါက်တာမောင်မောင်ဌေး အစရှိတဲ့ ၆ ဦးစလုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။