တစ်နိုင်ငံလုံး အစိမ်းရောင် လွှမ်းစေရမယ်လို့ ပြည်ခိုင်ဖြိုး ပါတီပြော
2015.10.17

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ပွဲမှာ ဦးနန္ဒကျော်စွာက ပြောတာဖြစ် ပါတယ်။
"ဆန်ရေးစပါး ပေါကြွယ်ဝဖို့အတွက် ကျနော်တို့ စိုက်ပျိုးရေးကို မှီခိုပြီးနေနေရတယ်၊ ဒီဆန်စပါးတွေကရော ဘာအရောင်လဲ၊ စိမ်းပြီးတော့လာတာ၊ ဒါကြောင့် အစိမ်းရောင်ဟာ ဘယ်လောက်အထိ ကိုယ်စားပြုသလဲဆိုရင်၊ ဘယ်လောက်အထိ နိုင်ငံကိုအကျိုးပြုသလဲဆိုရင် ဒီအစိမ်းရောင်မရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး၊ ဒီသစ်ပင်မှာ အစိမ်းရောင် မရှိခဲ့ရင် ဒီသစ်ပင်တွေ အစာမချက်နိုင်ဘူး၊ ဒါဆို လောကကြီးလည်းပဲ အသက်ရှင်ဖို့မလွယ်ဘူး၊ ကျနော်တို့ လူသားတွေ အသက်ရှင်နေတာဟာ အစိမ်းရောင်ကြောင့်ဆိုတာကို ကျနော်တို့အားလုံး သတိရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်ထပ်ပြောချင်တာ ရန်ကုန်တိုင်းတစ်တိုင်းလုံးသာမက မြန်မာတစ်နိုင်ငံလုံးဟာ အစိမ်းရောင်ပဲ လွှမ်းနေဖို့ ဖြစ်ပါတယ်ခင်ဗျာ"
မဲဆွယ်ပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သင်းသင်းမိုးက မြန်မာနိုင်ငံဟာ ဒီမိုကရေစီသက်တမ်း နုနယ်သေးတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို ပြင်းပြင်းထန်ထန်လုပ်မယ်ဆိုရင် ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
"ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာဟာ နုနယ်ပါသေးတယ်၊ တခြားသောနိုင်ငံတွေမှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာဟာ နှစ်ပေါင်းရာနဲ့ချီ ရှိနေပြီဖြစ်ပါတယ်၊ အရာရာကိုဆန့်ကျင်ပြီး ပြောင်းလဲမှုတွေလုပ်မယ့်သူတွေ၊ သဘောထားတင်းမာမှု ရှိတဲ့လူတွေကို ရွေးချယ်မိမယ်ဆိုလို့ရှိရင် ယနေ့ခေတ် အရှေ့အလယ်ပိုင်းလို သွေးနဲ့ မျက်ရည်တွေ စီးဆင်းရပါလိမ့်မယ်"
မဲဆွယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခဲ့ပြီး ပါတီဝင် ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။